ကလိန်အောင်မြို့၊ ရာဖူးကျေးရွာအုပ်စု၊ မရမ်းချောင်းရွာ ဝန်းကျင်ရှိ ဥယျာဉ်ခြံ အချို့၌ သတ္တုတူးဖော်မှုများ လုပ်ကိုင်နေပြီး စက်ယန္တရား အဝင်အထွက် အသွားအလာများသဖြင့် ဥယျာဉ်ခြံသွားလမ်းများ ပျက်စီးကာ သွားလာရေး အခက်အခဲ ဖြစ်နေကြကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါ သတ္တုလုပ်ကွက်များသည် ပြီးခဲ့သည့် ၁၅ နှစ်ဝန်းကျင်က မရမ်းချောင်းရွာ ဝန်းကျင်တွင် တစ်ကြိမ် လာရောက်လုပ်ကိုင်ခဲ့ဖူးပြီး တွက်ခြေမကိုက်သဖြင့် ပြန်သိမ်းသွားကာ ယခု တစ်ဖန် ပြန်လည်လာရောက် လုပ်ကိုင်နေကြကြောင်း ၎င်းတို့က ဆိုသည်။ ကျောက်ပုံနယ်စပ်လမ်း (နတ်အိမ်တောင်လမ်း) ကို ဖြတ်သန်းစီးဆင်းနေသည့် ထားဝယ်ချောင်းအနီးရှိ ဥယျာဉ်ခြံများတွင် သတ္တုလုပ်ကွက်များကို ယခုနှစ် မိုးဦးကျ ဇွန်လမှစ၍ အကောင်အထည်ဖော်လာနေကြောင်း သိရသည်။ ထားဝယ်ချောင်းက မွန်ပြည်နယ်ဘက်မှ မြစ်ဖျားခံလာပြီး မြောက်ဘက်မှတောင်ဘက်သို့စီးဆင်းကာ ကလိန်အောင်မြို့အနီးတွင် ဇင်းဘာချောင်းနှင့်ပေါင်းစည်းပြီး ထားဝယ်မြစ်အတွင်းသို့ စီးဝင်သည်။ […]