ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးတွင် စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ် အရပ်သားကားများကို ချောဆွဲ

August 7, 2026

ပုံစာ - ထား၀ယ်မြို့ ကမြောကင်းတံတားတွင် ယာဉ်များအား စစ်ကောင်စီမှ စစ်ဆေးနေစဉ်။ ဓာတ်ပုံ - ပြန်/ဆက်

လောင်းလုံးမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် ခရီးသည်နှင့် ကုန်တင်ကားများပေါ် လိုက်ပါခြင်း၊ ကားတစ်စီးလုံးကို ချောဆွဲခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေကြောင်း ကားသမားများက ပြောသည်။

မင်းရပ်ကျေးရွာတွင် မွှေနောက်ပြီး ညအိပ်တပ်စွဲခဲ့သော စစ်ကြောင်းသည် ယနေ့ ဩဂုတ်လ ၇ ရက် နံနက်ပိုင်းတွင် လောင်းလုံးမြို့နှင့်ကပ်လျက် သဗျာကျေးရွာသို့ ထွက်ခွာလာစဉ် လမ်းတွင်တွေ့သည့် ခရီးသည်နှင့် ကုန်တင်ကားများကို တားဆီးပြီး လိုက်ပါလာခဲ့ကြောင်း ကိုယ်တိုင်ကြုံရသည့် ကားသမားတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ ကားမှာ လူ (ခရီးသည်) ရှိနေတာဆိုတော့ ဆန့်သလောက် လိုက်ခိုင်းပါဆိုပြီး (စစ်သား) လေးငါးယောက် တက်လိုက်လာတယ်။ သဗျာရောက်တာနဲ့ နေခဲ့တာ” ဟု ခရီးသည်တင် ကားတစ်သမားတစ်ဦးက ပြောဆိုသည်။

ထားဝယ်-လောင်းလုံး ပြေးဆွဲနေသည့် အခြားခရီးသည်တင်ကားအချို့လည်း အလာတူကြုံခဲ့ရကြောင်း ဆိုသည်။

စစ်အာဏာရှင်တပ်သည် ယနေ့တွင် စစ်ကြောင်းနှစ်ကြောင်းဖြင့် လောင်းလုံးမြို့အနီးဝန်ကျင်သို့ စစ်ကြောင်းထိုးနေသည်။

သို့သော်လည်း ထားဝယ်-လောင်းလုံး ကားလမ်းမတွင် သွားလာနေသူများကိုမူ စစ်ဆေး ဖမ်းဆီးခြင်း မရှိသဖြင့် ကားများ ပုံမှန်အတိုင်း သွားလာနေကြခြင်းဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။ ထိုသို့ သွားလာနေစဉ် ကားအချို့ကို စစ်အာဏာရှင်တပ်က ချောဆွဲခြင်းဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် တစ်ပတ်ကျော်ကလည်း ထားဝယ်မြို့ဘက်မှ ထားဝယ်အထူးစီးပွားရေးဇုန်သို့ သွားသည့်လမ်းပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သည် ထားဝယ်-လောင်းလုံး ပြေးဆွဲနေသည့် ခရီးသည်တင်ကားများကို ချောဆွဲပြီး လိုက်လံပို့ဆောင်ခိုင်းခဲ့ကြောင်း ကိုယ်တိုင်ကြုံရသည့် ကားသမားတစ်ဦးက ပြောဆိုသည်။

လောင်းလုံးမြို့နယ်၊ အင်းဝန်းကျေးရွာအဝင်လမ်းတွင် ရှိနေသည့် စစ်အာဏာရှင်တပ်က ချောဆွဲပြီး ကားအချို့မှာ ထားဝယ်အထူးစီးပွားရေးဇုန်သို့ သွားသည့်လမ်းသို့ ပို့ဆောင်ပေးခဲ့ရသလို အချို့မှာ မောင်းမကန်၊ ကျောက်ဆင် ကျေးရွာများဘက်သို့ လိုက်ပို့ခဲ့ရကြောင်း ကားသမားများက ပြောသည်။

ယင်းအချိန်က ချောဆွဲခံရသည့်ကား အနည်းဆုံး ငါးစီး ရှိနိုင်ကြောင်းလည်း ၎င်းတို့က ဆိုသည်။

ယနေ့ နေ့လယ်ပိုင်းအထိ မေးမြန်းချက်အရ ထားဝယ်-လောင်းလုံး ကားလမ်းမအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကြောင်း တစ်ကြောင်းသည် လောင်းလုံးမြို့အနီး သဗျာကျေးရွာသို့ရောက်နေကြောင်း ဒေသခံများက ပြောဆိုသည်။

တီဇစ်ကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကြောင်း အခြားတစ်ကြောင်းမှာ တီဇစ်ကျေးရွာ အနီးဝန်ကျင်သို့ လှည့်လည်သွားလာနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကြောင်းသည် တီဇစ်ကျေးရွာသို့ ဩဂုတ်လ ၆ ရက် ဥပုသ်နေ့တွင် ရောက်လာခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းတွင် ဥပုသ်စောင့်သူများကို ဖမ်းဆီးပြီး နောက်ပိုင်းတွင် ပြန်လွှတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။