ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လေးမျက်နှာ ရေဘေး ထားဝယ်မြို့မှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂ ဦး သွားရောက်ကူညီ

August 6, 2026

ဧရာဝတီတိုင်း၊ လေးမျက်နှာရေဘေး သွားရောက်ကူညီရန် ထားဝယ်မြို့မှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂ ဦးသည် ယနေ့ ဩဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်သို့ စတင်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်းမှ အတွင်းရေးမှူးဖြစ်သူ ဦးသီဟအောင် ဦးဆောင်သည့် အဖွဲ့သည် ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ရေဘေးသင့် ပြည်သူများကို ကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာများ ကူညီထောက်ပံ့မှု ပေးရာတွင် သွားရောက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဟု တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်း တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။

“အခုက ပထမအသုတ်ပေါ့နော်။ အခြေအနေကြည့်ပြီးတော့မှ နောက်တစ်သုတ်အနေနဲ့ ထပ်သွားဖို့ရှိပါတယ်” ဟု ဦးနိုင်မျိုးသွင်က ပြောသည်။

ထားဝယ်မြို့မှ ဩဂုတ်လ ၁၈ ရက်နေ့တွင် လေးမျက်နှာ ရေဘေးကူညီထောက်ပံ့ရန် ဒုတိယသုတ် ထပ်မံထွက်ခွာမည်ဖြစ်ကြောင်း ဦးနိုင်မျိုးသွင်က ပြောသည်။

ဒုတိယသုတ်တွင် ထားဝယ်မြို့သူမြို့သားများနှင့် အများပြည်သူများ ကူညီလှူဒါန်းပေးထားသည့် အဝတ်အထည်၊ စားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီနှင့် ဆေးဝါးပစ္စည်းများကို သွားရောက်ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီနှင့် လောကမာရဇိန် ဘုရားကြီးဝင်း၏ အနောက်ဘက်မုခ်တွင် ဩဂုတ်လ ၁ ရက်နေ့ကစပြီး လေးမျက်နှာ ရေဘေးကူညီရန် အလှူခံဌာန ဖွင့်လှစ်ထားရှိသည်။

ယနေ့အထိ အလှူခံရငွေ သိန်းရှစ်ဆယ်နီးပါးနှင့် ဆန်၊ ဆီ၊ ရိက္ခာခြောက်များ အလှူခံရရှိထားကြောင်း ဦးနိုင်မျိုးသွင်က ပြောသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ် ရေကာတာသည် ဇူလိုင်လ ၃၁ ရက်နေ့က ပေ ၂၀ ခန့် ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်ရှိ ကျေးရွာများ ရေကျော်ဝင်ရောက်လျက်ရှိသည်။

ရေကျော်ခြင်းကြောင့် လက်ရှိအထိ အိမ်ထောင်စု (၆,၅၆၂) စု၊ လူဦးရေ (၂၇,၄၄၅) ဦးနှင့် လယ်မြေ (၂၇,၁၈၁) ဧက ရေနစ်မြုပ်လျက်ရှိကြောင်း ဧရာဝတီတိုင်းစစ်အစိုးရအဖွဲ့မှ ယမန်နေ့က ထုတ်ပြန်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်း၌ရှိသော အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအသင်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ရေဘေးသင့်ဒေသသို့ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် သွားရောက်ကူညီ ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။