ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မလေးရှားသွားမည့် မြန်မာ ၄၀ ကျော် ကန်ချနဘူရီတွင် ဖမ်းဆီးခံရ

August 6, 2026

မလေးရှားနိုင်ငံသို့ သွားရန် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၄၀ ကျော်သည် ကန်ချနဘူရီခရိုင်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဩဂုတ်လ ၅ရက်က ကန်ချနဘူရီမြို့ ရေတံခွန်လမ်းပိုင်းတွင် အာဏာပိုင်များ ဂိတ်ချစစ်ဆေးနေစဉ် ဗန်ကားတစ်စီးကို စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့ကြောင်း ဖော်ပြသည်။

သို့သော် ဗန်ကားသည် ရပ်တန့်စစ်ဆေးမခံဘဲ မောင်းပြေးစဉ် လမ်းချော်ပြီး လမ်းလယ်ကျွန်းသို့ တက်သွားခဲ့ပြီးနောက် ရပ်တန့်သွားခဲ့သည်။

ကားကို စစ်ဆေးရာ မြန်မာနိုင်ငံသား ၄၃ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမားကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားများကို စစ်ဆေးရာ နေထိုင်ခွင့်စာရွက်များ မတွေ့ရဘဲ ဘုရားသုံးဆူမှတစ်ဆင့် စန်ခရာဘူရီသို့ တရားမဝင် ဝင်လာကြကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံသို့ သွားရန် ဝင်လာကြခြင်းဖြစ်ပြီး ခရီးစရိတ်အတွက် တစ်ဦးလျှင် ဘတ် တစ်သိန်းအထိ ကုန်ကျမည်ဖြစ်သည်ဟု မြန်မာများက ထွက်ဆိုကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားများကို စန်ခရာဘူရီမှတစ်ဆင့် ထိုင်းတောင်ပိုင်း ဟတ်ယိုင်သို့ ပို့ဆောင်ပေးရမည်ဖြစ်ပြီး တစ်ဦးစီအတွက် ဘတ် ၂၅၀၀ ရရှိမည်ဖြစ်ကြောင်း ကားသမားက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသားများနှင့်အတူ ထိုင်းကားသမားကို ဖမ်းဆီးခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။

Ref: Thairath, CH 7