ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် အသက် ၂ နှစ်ကျော်အရွယ် မြန်မာကလေးငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်းခံရ

August 5, 2026

Photo - Be One Foundation အဖွဲ့၏ အဖွဲ့ဝင် Chalida Phalamat

ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်တွင် အသက် ၂ နှစ်ကျော်အရွယ် မြန်မာကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံထားရပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် မိဘများက ထိုင်းလူမှုအဖွဲ့အစည်းတစ်ခုထံ အကူအညီတောင်းခံထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အသက် ၂ နှစ်နှင့် ၇ လအရွယ် မြန်မာကလေးငယ်၏ လိင်အင်္ဂါကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံသားတစ်ဦးကို မိဘများက ဇွန်လ ၁၅ ရက်နေ့က ရဲစခန်းတွင် တိုင်ကြားထားသည်။

ရဲစခန်းတွင် တိုင်ကြားထားပြီး တစ်လကျော်ကြာလာသည်အထိ အမှုနှင့်ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေများကို မသိရသဖြင့် အမှုမှန်ပေါ်ပေါက်ရန် ထိုင်းလူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော Be One Foundation အဖွဲ့ထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

Be One Foundation အဖွဲ့သည် ထိုင်းနိုင်ငံအတွင်း မိခင်နှင့် ကလေးငယ်များအတွက် တရားမျှတမှု ရရှိရေး ဆောင်ရွက်ပေးနေသော ထိုင်းအဖွဲ့အစည်းဖြစ်သည်။

အသက် ၃၀ ကျော်အရွယ် မြန်မာနိုင်ငံသား လင်မယားနှစ်ဦးသည် ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်တွင် နေထိုင်သည်မှာ ၁၀ နှစ်ကျော်ကြာပြီဖြစ်ပြီး အသက် ၂ နှစ်နှင့် ၇ လအရွယ် သမီးလေးတစ်ဦးရှိသည်။

မိဘနှစ်ပါးသည် ဖော်အိုအမည်ရှိ ထိုင်းနိုင်ငံသားနှင့် ၁၀ နှစ်ကျော်ကြာ ခင်မင်လာခဲ့ပြီး သမီးဖြစ်သူကိုလည်း ထိုင်းနိုင်ငံသားထံ ကလေးထိန်းကျောင်း အကြိုအပို့ လုပ်ရန် ခွင့်ပြုပေးခဲ့ကြောင်း မိခင်ဖြစ်သူက ရဲစခန်းတွင် ပြောသည်။

ဇွန်လ ၅ ရက်နေ့တွင် မိဘနှစ်ဦး ထမင်းစားနေစဉ် သမီးဖြစ်သူက ရေချိုးခန်းထဲ အော်ငိုနေသဖြင့် မေးမြန်းရာမှ ထိုင်းနိုင်ငံသားဖြစ်သူ ဖောအိုက သူမ၏ လိင်အင်္ဂါကို လက်ဖြင့် ထိ၍ ကျူးလွန်ခဲ့သည်ဟု ဖွင့်ပြောခဲ့ကြောင်း ဆိုသည်။

မိဘများကလည်း သမီးဖြစ်သူ ဖွင့်ပြောသည်ကို မယုံကြည်ခဲ့ဘဲ အမှုမဲ့ အမှတ်မဲ့နေထိုင်ခဲ့ရာမှ ဇွန်လ ၁၂ ရက်နေ့တွင် သမီးဖြစ်သူ၏ လိင်အင်္ဂါ၌ ရောင်ရမ်းပြီး နီလာခဲ့သည်ကို သတိပြုမိခဲ့ကြောင်း ဆိုသည်။

သမီးဖြစ်သူသည် ပျော်ရွှင်စွာ ရယ်မောနေသူဖြစ်ခဲ့ရာမှ ဖွင့်ပြောပြီး နောက်ပိုင်းတွင် ကြောက်ရွံ့တုန်လှုပ်လာရာ ညဘက်တွင် အိပ်မက်ဆိုးများမက်၍ ဖောအို၏ အမည်ကို ထပ်ခါထပ်ခါ အော်ပြောနေသည်ကို သတိထားမိလာခဲ့သည်။

သမီးဖြစ်သူကို ဆရာဝန်ထံ သွားရောက်ပြသရာမှ ဆရာဝန်က ရဲစခန်းတွင် တိုင်ချက်ဖွင့်၍ ကျွမ်းကျင်သူနှင့် စစ်ဆေးရန် အကြံပြုခဲ့သဖြင့် ဇွန်လ ၁၅ ရက်နေ့တွင် ရဲစခန်းတွင် တိုင်ကြားခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့တွင် ကျန်းမာရေး စစ်ဆေးခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

အချိန် တစ်လကျော်ကြာလာသည်အထိ နောက်ဆက်တွဲ အဖြေကိုမသိရသေးဖြစ်သဖြင့် Be One Foundation အဖွဲ့ထံ အကူအညီတောင်းခံခဲ့ပြီး ရဲစခန်းတွင် မေးမြန်းခဲ့ရာ ကလေး၏ စစ်ဆေးမှုရလဒ်နှင့် DNA ရလဒ်ကို စောင့်ဆိုင်းနေဆဲဟု ရဲတပ်ဖွဲ့က ပြောခဲ့ကြောင်း မိခင်ဖြစ်သူက ပြောသည်။

မိဘများက ဖောအို၏ အမျိုးသမီးထံ ဖြစ်စဉ်ကို ပြောပြစဉ်ကလည်း စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပြီး ၎င်းက မြန်မာမိဘများကို ရှေ့နေဖြင့် ပြန်လည် အမှုဖွင့် တိုင်ကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံသား မိဘနှစ်ပါးက ထိုင်းနိုင်ငံ၏ ဥပဒေနှင့် ရင်းနှီးမှု မရှိသဖြင့် ကလေးငယ်နှင့် ပတ်သက်၍ အမှုမှန် မပေါ်ပေါက်ဘဲ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြောင်း မိခင်ဖြစ်သူက ပြောသည်။

မိခင်ဖြစ်သူက သမီး၏ ကြောက်ရွံနေမှု၊ ငိုကြွေးနေမှုနှင့် အိပ်ပျော်စဉ် အိပ်မက်ဆိုးမက်နေမှုများကို ဗီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့ပြီး ပြသခဲ့သဖြင့် Be One Foundation အဖွဲ့က လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ကလေးသူငယ်ဌာနများနှင့် ပူးပေါင်းပြီး ကလေးစိတ်ကျန်းမာရေးကို ဆရာဝန်များနှင့် ကုသပေးမည်ဖြစ်ကြောင်း ဖောင်ဒေးရှင်းအဖွဲ့ တာဝန်ရှိသူက ပြောကြားထားသည်။

Ref: Workpoint23