ထိုင်းနိုင်ငံအရှေ့ပိုင်း လယွန်ခရိုင်ရှိ လုပ်ငန်းခွင်များထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၉ ဦး ဖမ်းဆီးခံရကြောင်း လယွန်အလုပ်သမားရုံးက ထုတ်ပြန်သည်။
ဩဂုတ်လ ၄ ရက်က လယွန်ခရိုင် ပလောင်းဒင်းဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အလုပ်ရုံများတွင် နိုင်ငံခြားသားများ တရားမဝင် လုပ်ကိုင်နေကြောင်း တိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့၊ လဝက၊ အလုပ်သမားရုံးများကို ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။
အလုပ်ရုံထဲတွင် မြန်မာအလုပ်သမား ၁၄၈ ဦး၊ ကမ္ဘောဒီးယား တစ်ဦး၊ တရုတ် ၁၈ ဦးနှင့် ထိုင်းနိုင်ငံသား ၁၅ ဦး စုစုပေါင်း ၁၈၂ ဦး အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။
၎င်းတို့အနက် မြန်မာနိုင်ငံသား ၁၉ ဦးနှင့် တရုတ်နိုင်ငံသား သုံးဦးတို့သည် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ပြီး ပလောင်းဒင်းရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။



မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည်မှာ ၂ လသာ ရှိသေးပြီး တစ်ရက်လျှင် နေ့စားခ ဘတ် ၃၆၀ ရရှိနေကြောင်း ဖော်ပြသည်။
အလုပ်သမားများကို တရားမဝင် အလုပ်ခန့်ထားသော အလုပ်ရှင်ကိုလည်း အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း ဆိုသည်။
ထိုင်းနိုင်ငံထဲတွင် နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ငါးထောင်မှ ငါးသောင်းအထိ ကျခံရနိုင်ပြီး မိမိနိုင်ငံကို ပြန်လည်အပို့ခံရမည်ဖြစ်ကာ ထိုင်းနိုင်ငံတွင်လည်း အလုပ်လုပ်ခွင့် ၂ နှစ် ပိတ်သိမ်းခံရမည်ဖြစ်သည်။
လက်ရှိတွင် ထိုင်းနိုင်ငံတစ်ဝန်း တရားမဝင် အလုပ်လုပ်ကိုင်နေသူများ၊ တားမြစ်ထားသော အလုပ်များကို ဝင်ရောက်လုပ်ကိုင်နေသူများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်မြှင့်လုပ်ဆောင်နေသည်။







