အဝေးပြေးလမ်းများပေါ်မှာ
Dawei Watch
May 3, 2026ဖြည်းဖြည်းလေးပဲ လွမ်းလွမ်း၊ တစိမ့်စိမ့် တွေးတွေးပြီးတော့ပဲ လွမ်းလွမ်း၊ အဝေးပြေးလမ်းများဆိုတာ ကိုယ်စီမှာရှိကြတာပဲ မဟုတ်လား။ ရှိခဲ့ကြတာမဟုတ်လား။ ရှိနေကြတာ မဟုတ်လား။ တကယ်ဆိုတော့ ကိုယ်ကိုယ်တိုင်ကလည်း အဝေးပြေးလမ်းတစ်ခုစီ ဖြစ်နေကြတာပါ။ ကတ္တရာဖြစ်ရင်ဖြစ်မယ်။ ကွန်ကရစ်ဖြစ်ရင်ဖြစ်မယ်။ လယ်တောလမ်းကလေး၊ ဒါမှမဟုတ် ဘေးတစ်ဘက်တချက်စီမှာ နီယွန်မီးတိုင်တွေနဲ့လင်းထိန်နေတဲ့ လေးလမ်းသွား လမ်းမကြီးလည်းဖြစ်ကောင်းဖြစ်မယ်။ အဝေးဆီကိုရောက်အောင်သွားနိုင်ရမယ့်လမ်းဆိုရင်တော့ အဝေးပြေးလမ်းပဲပေါ့။ အဲသည့်လို အဝေးပြေးလမ်းများဟာ မြေပြန့်လွင်ပြင် တွေမှာရှိသလို လျှိုမြောင်တောတောင်တွေပေါ် ကျော်ဖြတ်ခင်းကျင်းထားကြတာလည်း ရှိနေတာပါပဲ။ မြေသားထုကြီးတွေအောက်ကနေ လိုင်ဂူနဲ့ဖောက်ဝင်တိုးထွက်သွားကြတာ လည်းရှိတယ်။ မြစ်ကမ်းနံဘေးပေါ်မှာ မြစ်ကြောင်းရဲ့အကွေ့အကောက်အရ အထာတကျ ခွေခေါက်ထားတဲ့မြွေတစ်ကောင်လို ပုံစံမျိုးလည်းရှိတာပါပဲ။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးအချို့မှာဆိုရင် ပင်လယ်ရေပြင်အောက်ကနေ ဖြတ်သန်းဖောက်လုပ်ထားကြတဲ့လမ်းတွေလည်းရှိ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဝေးပြေးလမ်းဆိုတာချင်းတော့ အတူတူပဲဖြစ်ပါတယ်။ အစကနေ အဆုံးအထိ မိုင်၊ ကီလိုမီတာ အကွာအဝေးချင်း မတူတာပဲရှိမယ်၊ အဝေးပြေး လမ်းတွေပါပဲ။ […]


