ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုရွက်ဆိတ်လေးများ၏ ခြေလှမ်းများ မရပ်တန့်သေးပါ

July 24, 2026

တချို့လူတွေဟာ အသက်ရှည်ရှည် မနေခဲ့ရပေမယ့် သူတို့ထားခဲ့တဲ့ ခြေရာတွေကတော့ အချိန်ကြာမြင့်စွာ ကျန်ရစ်နေတတ်သည်။ လူတစ်ယောက်၏ တန်ဖိုးကို အသက်အရွယ်နှင့် မတိုင်းတာနိုင်သလို၊ သူ့ဘဝအရှည်ဖြင့်လည်း မသတ်မှတ်နိုင်ပါ။ သူ ဘယ်လောက်ထိ အခြားသူတွေအတွက် အလင်းရောင်ပေးခဲ့သလဲဆိုတာကသာ အမှန်တကယ် ကျန်ရစ်တဲ့ အမွေအနှစ် ဖြစ်သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် လူငယ် ငါးဦးဖြင့် စတင်ဖွဲ့စည်းခဲ့သော The Ants Humanitarian Tanintharyi သည် အင်အားကြီးအဖွဲ့အစည်းတစ်ခု မဟုတ်ခဲ့သော်လည်း စေတနာကြီးမားသော လူငယ်များ၏ စုစည်းမှုဖြစ်ခဲ့သည်။ ပုရွက်ဆိတ်လေးများကဲ့သို့ တစ်လှမ်းချင်း သယ်ဆောင်ရင်း၊ မျက်နှာမဖော်ဘဲ လူမှုအသိုက်အဝန်းအတွက် အကျိုးရှိစေမည့် အလုပ်များကို တိတ်တဆိတ် လုပ်ဆောင်ခဲ့ကြသည်။

သူတို့၏ ပထမဆုံးခြေလှမ်းမှာ ကလေးငယ်များ စာဖတ်ခြင်းကို ချစ်မြတ်နိုးလာစေရန် စာဖတ်ဝိုင်းများ ဖွင့်လှစ်ပေးခြင်းဖြစ်သည်။ ထို့နောက် လက်လှမ်းမီသမျှ ဆေးဝါးကုသမှုများ ပံ့ပိုးပေးခဲ့ကြသည်။ ၂၀၂၅ ခုနှစ်တွင် လူငယ်များ၊ CDM ဝန်ထမ်းများနှင့် LGBTQ+ အသိုက်အဝန်းအတွက် စိတ်ပိုင်းဆိုင်ရာ အားဖြည့်ပေးနိုင်ရန် နှစ်သိမ့်ဆွေးနွေးပေးသူ Counsellor များနှင့် ချိတ်ဆက်ပေးသည့် အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြသည်။

“နွေးထွေးဖေးကူ” အစီအစဉ်မှတစ်ဆင့် ထားဝယ်၊ သရက်ချောင်းနှင့် ရေဖြူဒေသရှိ မြေပြင်ကျောင်းများမှ အခက်အခဲကြုံတွေ့နေသော ကလေးငယ်များကို ကူညီပံ့ပိုးခဲ့ကြသည်။ အထူးစီးပွားရေးဇုံဒေသများတွင် ဗုံးခိုကျင်း အသိပညာပေးအစီအစဉ်များ၊ လေကြောင်းရန်အန္တရာယ် အသိပညာပေးအစီအစဉ်များကို ရွာပေါင်း ၃၀ နီးပါးအထိ ရောက်ရှိစေခဲ့သလို၊ ရပ်ထဲရွာထဲက လူငယ်များအတွက် အချက်အလက်ကောက်ယူသည့် Data Collection သင်တန်းများကိုလည်း မျှဝေပေးခဲ့ကြသည်။

ဤလုပ်ငန်းများ၏ နောက်ကွယ်တွင် ရပ်တည်ခဲ့သူများမှာ သာမန်လူငယ်များသာ ဖြစ်ကြသည်။ အွန်လိုင်းပညာရေးကို ဆက်လက်သင်ယူနေသူများ၊ Graphic Design ကို ဝါသနာပါသူ၊ အလှအပကို မြတ်နိုးသူ၊ မိသားစု၏ သားငယ်တစ်ဦး…။ သူတို့တစ်ဦးချင်းစီတွင် မတူညီသော အိပ်မက်များရှိခဲ့ကြသော်လည်း တူညီသော စိတ်ထားတစ်ခု ရှိခဲ့သည်။ အဲဒါကတော့ “ကိုယ်တိုင် အခက်အခဲရှိနေရင်တောင် အခြားသူအတွက် အကျိုးရှိတဲ့အရာတစ်ခုကို လုပ်ပေးမယ်” ဆိုတဲ့ ယုံကြည်ချက်ပဲ ဖြစ်သည်။

သို့သော် ယနေ့ကာလတွင် လူသားစာနာရေး လုပ်ငန်းများကို ဆောင်ရွက်နေသူများ၏ လမ်းခရီးသည် ယခင်ကထက် ပိုမိုခက်ခဲပြီး ပိုမိုအန္တရာယ်များလာသည်။ ကူညီရန် သွားသောသူများကပင် အသက်အန္တရာယ်ကို ရင်ဆိုင်ရသည့် အခြေအနေများ များပြားလာသည်။

လူသားစာနာရေးဝန်ထမ်းများသည် လက်နက်ကိုင်သူများ မဟုတ်ကြ၊ ပဋိပက္ခ၏ အစိတ်အပိုင်းလည်း မဟုတ်ကြ။ သူတို့သည် အသက်ကို ကယ်တင်ရန်၊ မျှော်လင့်ချက်ကို မီးထွန်းပေးရန် ကြိုးစားနေသူများသာ ဖြစ်ကြသည်။ ထို့ကြောင့် လူသားစာနာရေး လုပ်ဆောင်သူများ၏ လုံခြုံရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်မှုသည် ယနေ့အချိန်တွင် ပိုမိုအရေးကြီးလာနေသည်။

The Ants Humanitarian Tanintharyi ၏ ကျဆုံးသွားသော အဖွဲ့ဝင် လူငယ် သုံးဦးသည် အသက်တိုခဲ့သော်လည်း အဓိပ္ပာယ်ပြည့်ဝသော ဘဝကို ရွေးချယ်ခဲ့ကြသူများ ဖြစ်သည်။ သူတို့၏ စေတနာ၊ ရဲရင့်မှုနှင့် လူသားချင်းစာနာမှုတို့သည် သူတို့ကူညီခဲ့သည့် လူများ၏ အမှတ်တရထဲတွင် ဆက်လက်ရှင်သန်နေမည်ဖြစ်သည်။

ပုရွက်ဆိတ်လေးများသည် သေးငယ်သော်လည်း အားမလျှော့တတ်ကြသကဲ့သို့၊ သူတို့၏ ရည်ရွယ်ချက်နှင့် စေတနာတို့သည်လည်း လူများ၏ နှလုံးသားထဲတွင် ဆက်လက်ရှင်သန်နေဦးမည် ဖြစ်သည်။ ကျဆုံးသွားသော လူငယ်သုံးဦး၏ အမည်များသည် ဝမ်းနည်းမှုအဖြစ်သာ မဟုတ်ဘဲ၊ လူသားစာနာရေးအတွက် ကိုယ်ကျိုးစွန့်ခဲ့သူများ၏ ဂုဏ်ယူဖွယ်မှတ်တမ်းအဖြစ် ဆက်လက်ကျန်ရှိနေမည်ဟု ယုံကြည်ပါသည်။

သူတို့၏ ခရီးသည် ရပ်တန့်သွားခဲ့သော်လည်း၊ သူတို့စတင်ခဲ့သော စာနာမှုခရီးလမ်းကတော့ ဆက်လက်ရှေ့ဆက်နေဦးမည် ဖြစ်ပါသည်။

မျက်ခြယ်