ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို စစ်အာဏာရှင်တပ်သားများ ပြန်လည်သိမ်းယူပြီးနောက် ဥယျာဉ်ခြံများထဲတွင် စစ်ဘေးရှောင်နေသည့်ဒေသခံများကို ရွာသို့ ပြန်လာနေရန် ဖိအားပေးနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်က မေလ ၁၉ ရက်နေ့တွင် မောတောင်မြို့ကို ပြန်လည်သိမ်းယူပြီးနောက် ဥယျာဉ်ခြံများတွင် စစ်ဘေးရှောင်နေကြသည့် ဒေသခံများကို ရွာတွင် ပြန်လည်နေထိုင်ရန် ဇူလိုင်လ ပထမပတ်မှစ၍ ဖိအားပေးနေကြောင်း ဒေသခံများက ဆိုသည်။
စစ်အာဏာရှင်တပ်က ဖိအားပေးသဖြင့် ဥယျာဉ်ခြံထဲတွင် နေထိုင်ကြသည့် ဒေသခံအချို့သည် ရွာအတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ပြောင်းရွှေ့နေထိုင်ကြပြီး စားသောက်နေထိုင်ရေးများ ခက်ခဲနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“သူတို့က ပြန်မလာရင် သူပုန်သတ်မှတ်ပြီး ပစ်သတ်မယ်ပြောလို့သာ ပြန်ဝင်လာရတယ်။ အိမ်တွေမှာလည်း ဖောက်ခံထားရလို့ ဘာမှမရှိတော့ဘူး။ ခုက (ဇူလိုင် ၂၀ ရက်) ဘုန်းကြီးကျောင်းမှာပဲ ဝိုင်း(စုပေါင်း)ပြီးနေနေကြတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
ဇူလိုင် လကုန်ပိုင်းအတွင်း ရွာများတွင် ပြန်လည်နေထိုင်ရန် စစ်အာဏာရှင်တပ်က ဖိအားပေးနေကြောင်း ဒေသခံ အမျိုးသမီးကြီးတစ်ဦးက ဆိုသည်။
စစ်အာဏာရှင်တပ်က ဒေသခံများ၏ ပိုင်ဆိုင်မှုများကို စာရင်းပေးခိုင်းပြီး သူတို့ဆီ စာရင်းပေးသွင်းမှု မရှိပါက ပိုင်ဆိုင်မှုများကို သိမ်းဆည်းမည်ဟု ပြောဆိုကြောင်း ဒေသခံ နောက်တစ်ဦးက ဆိုသည်။
ဒေသခံများသည် စစ်အာဏာရှင်တပ်သားများထံ သွားရောက်၍ ပိုင်ဆိုင်မှုများကို စာရင်းပေးသွင်းသူ အချို့လည်း ရှိကြောင်း ၎င်းက ဆိုသည်။
“ရွာတွေထဲတော့ ပြန်ပေးဝင်လိုက်ပြီး တောထဲမှာနေနေကြတဲ့သူတွေလည်း ပြန်ဝင်ခိုင်းနေတယ်။ လူတွေရော၊ ခြံတွေ၊ အိမ်တွေရော စာရင်းပေးနေရတယ်။ အခုလောလောဆယ်တော့ အကုန်ပိတ်ထားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
မောတောင်မြို့ ဘုန်းကြီးကျောင်းများတွင် ရှောင်နေသည့် အမှတ် ၅ ရွာမှ အမှတ် ၉ ရွာအထိ ဒေသခံများသည် ဇူလိုင်လ ၁၀ ရက်ဝန်းကျင်တွင် ရွာသို့ ပြန်လည်နေထိုင်သူရှိပြီး အချို့မှာ အခြားရွာများသို့ ပြောင်းရွှေ့သွားကြကြောင်း ဒေသခံများက ဆိုသည်။







