တနင်္သာရီမြစ်ရေတက်ပြီး ရေကြီးနေချိန်ပျောက်ဆုံးနေသည့် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ အလယ်ပိုင်းရွာသား တစ်ဦး၏ ရုပ်အလောင်းကို စက်တင်ဘာလ ၅ ရက်က ပြန်လည်တွေ့ရှိကြောင်း ဒေသခံများက ပြောသည်။
သေဆုံးသူသည် အလယ်ပိုင်းကျေးရွာ ဒေသခံ အသက် ၃၀ အရွယ် ကိုငြိမ်းဝေဖြစ်ပြီး ၎င်းသည် မြစ်ရေတက်၍ ကျေးရွာ အတွင်း ရေကြီးရေလျှံနေချိန် စက်တင်ဘာလ ၃ ရက်တွင် နေအိမ်မှ ပျောက်ဆုံးသွားကြောင်း ဒေသခံများက ဆိုသည်။
“ပျောက်တာကို ညနေပိုင်း သိကြတယ်။ ပြန်မလာလို့ လိုက်ရှာကြတာ ၅ရက်နေ့မှ အလောင်းပြန်တွေ့တယ်” ဟု ၎င်းကပြောဆိုသည်။
တနင်္သာရီမြစ်ရေသည် စက်တင်ဘာလ ၄ ရက်ကတည်းက အန္တရာယ်ရေအမှတ် ၂၄ ပေအောက် လျော့ကျလာပြီး တကူရွာတွင်လည်း နေရာအများစုရေကျသဖြင့် အများစု နေအိမ်ပြန်နေကြကြောင်း ရွာသားများထံမှ သိရသည်။
သို့သော် မြေနိမ့်ပိုင်းရှိ နေအိမ်အချို့တွင် ရေဝင်နေဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၆ ရက်ကမူ တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ် ၁၇ ပေအောက်လျော့ကာ ၁၆ ပေ ၁၀ လက်မ အထိရောက်နေပြီဖြစ်ကြောင်း တနင်္သာရီမြို့ခံများက ပြောဆိုသည်။
တနင်္သာရီတိုင်းသို့ မုတ်သုန်လေ စတင်ဝင်ရောက်ခဲ့သည့် မေလလယ်မှစ၍ ယခုစက်တင်ဘာလဆန်းအထိ ကာလအတွင်း ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင်တို့တွင် ရေနစ်သေဆုံးသူ ၁၄ ဦးအထိ ရှိခဲ့ကြောင်း Dawei Watch က စုစည်းထား သည့် အချက်အလက်များအရ သိရသည်။







