ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်းတွင် နေရာကွက်၍ မိုးကြီးမည်

September 2, 2026

ယနေ့ စက်တင်ဘာလ ၂ ရက် နံနက်တွေ့ရသည့် တနင်္သာရီမြို့တွင်း ရေတက်မှုအခြေအနေ။ ဓာတ်ပုံ - တနင်္သာရီ ကြက်ခြေနီ။

တနင်္သာရီတိုင်းတွင် ယခု စက်တင်ဘာလ ပထမအပတ်အတွင်း နေရာကွက်၍ မိုးဆက်ကြီးမည်ဖြစ်ကြောင်း စစ်အစိုးရ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး ၊ ဧရာဝတီ၊ ကယား၊ ကရင် (ကရင်နီ) ဒေသတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီ၊ ကချင်၊ ကရင် ၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်း တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်သည်။

မုတ်သုံလေ အားကောင်းနေသည့်အပြင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးကြီးမည်ဖြစ်ကြောင်း မိုးဇလက ဆိုသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း၊ ရေကြီး၊ ရေလျှံခြင်းများ ကြုံတွေ့ရနိုင်ကြောင်း မိုးဇလက သတိပေးထားသည်။

နေရာကွက်၍ မိုးကြီးသဖြင့် တနင်္သာရီမြစ်ရေသည် သြဂုတ်လ ၃၀ ရက်တွင် အန္တရာယ်ရေအမှတ် ၂၄ ပေကို ကျော်ခဲ့ပြီး ယနေ့ စက်တက်ဘာလ ၂ ရက် နံနက်တွင်မူ ၂၅ ပေ ၈ လက်မတွင် ဆက်ရှိနေဆဲဖြစ်ကြောင်း တနင်္သာရီဒေသခံများထံမှ သိရသည်။

ရေကြီးမှုကြောင့် တနင်္သာရီမြို့နှင့် ဝန်းကျင်ကျေးရွာများရှိ အိမ်ထောင်စု ၁၆ဝ ကျော် ရေဘေးသင့်ခဲ့ပြီး ရေဘေး ကယ်ဆယ်ရေး စခန်း ခြောက်ခုဖွင့်ထားကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

တနင်္သာရီမြို့နယ်က အခြေခံပညာ စာသင်ကျောင်း ၁၇ ကျောင်းလည်း ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရကြောင်း ပညာရေးဌာန၏ ကြေညာချက်အရသိရသည်။

တနင်္သာရီမြစ်တစ်လျှောက်ရှိ ကျေးရွာများတွင်လည်း ဒေသခံထောင်နှင့်ချီ ရေဘေးသင့်နေပြီး နယ်မြေအခြေအနေအရ ကူညီထောက်ပံ့သူများ မရောက်နိုင်ဘဲ နေထိုင်ရေး စားသောက်ရေး ကျန်းမာရေး အခက်အခဲများ ကြုံနေရကြောင်း ဒေသခံများက ဆိုသည်။

မြိတ်ခရိုင် နှင့် ကော့သောင်းခရိုင်အတွင်း ပြည်ထောင်စု ကားလမ်းမပေါ် နှစ်နေရာထက်မနည်း ရေကျော်ကာ စက်တင်ဘာလ ၁ ရက် ညနေပိုင်းအထိ ကားများပိတ်မိနေဆဲဖြစ်ကြောင်း ခရီးသွား၏ မှတ်တမ်းများတွင်တွေ့ရသည်။

လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ လူမှုရေးရာ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ရေးဝန်ကြီးဌာန ၏ တစ်ပတ်တာကြိုတင်မိုးလေဝသခန့်မှန်းချက်တွင် ဖော်ပြသည်။