ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တိုင်းစစ်အစိုးရနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ရင်းနှီးမြှုပ်နှံမှုအရေး ထားဝယ်တွင်တွေ့ဆုံ

September 2, 2026

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသမှာ ထိတွေ့တိုက်ပွဲတွေ ရှိနေသလို ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့နှင့် တနင်္သာရီတိုင်း စစ်အစိုးရဝန်ကြီးချုပ် ဦးဇော်နိုင်ဦးတို့ စက်တင်ဘာလ ၁ ရက် မွန်းလွဲပိုင်းက ထားဝယ်မြို့တွင် တွေ့ဆုံခဲ့ကြောင်း စစ်အုပ်စုက သတင်းထုတ်ပြန်သည်။

ထားဝယ်မြို့ရှိ တိုင်းစစ်အစိုးရရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံကြခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ဆိုသည်။

ရုရှား-မြန်မာချစ်ကြည်ရေးအဖွဲ့သည် သြဂုတ်လ ၃၁ ရက်ကလည်း စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဟိုး တို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သေးသည်။

ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းကို မြန်မာနိုင်ငံ၌ တာဝန်ထမ်း ဆောင်ခဲ့ကြသည့် ရုရှားနိုင်ငံသားများ၊ ကျွမ်းကျင် ပညာရှင်များ၊ မြန်မာနိုင်ငံအကြောင်း စိတ်ပါဝင်စားသည့် ရုရှားနိုင်ငံသားများဖြင့် ၁၉၆၀ ပြည့်နှစ်တွင် ဖွဲ့စည်း တည်ထောင်ခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

ယင်းအဖွဲ့၏ လှုပ်ရှားမှုများကို မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ခပ်စိပ်စိပ် တွေ့ရပြီး စစ်အုပ်စု၏ အကြီးအကဲများနှင့် တွေ့ဆုံလေ့ရှိကာ ရင်းနှီးမြုပ်နှံမှုနှင့် ဘဏ္ဍာရေးကိစ္စရပ်များ တွေ့ဆုံဆွေးနွေးလေ့ရှိသည်။

ရုရှားအနေဖြင့် တနင်္သာရီတိုင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် ၂၀၂၅ ခုနှစ်နှင့် ယခု ၂၀၂၆ ခုနှစ်အတွင်း နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားသည်။

ဆိပ်ကမ်းတစ်ခု၊ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံနှင့် ရေနံချက်စက်ရုံတို့ ဆောက်လုပ်မည်ဖြစ်ကြောင်း စစ်အုပ်၏ ထုတ်ပြန်ချက်များတွင် ဖော်ပြသည်။

ယခုနှစ် သြဂုတ်လက စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ရုရှားခရီးစဥ်တွင် တနင်္သာရီတိုင်း၌ ရေနက်ဆိပ်ကမ်း အပြင် ကမ်းလွန် ရေနံတူးဖော်ရေးကိုပါ ရုရှားကို ကမ်းလှမ်းခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းတွင် LNG သဘာဝဓာတ်ငွေ့ရည်စက်ရုံတစ်ခု တည်ဆောက်ရန်လည်း ရုရှားနိုင်ငံနှင့် ဆွေးနွေး ခဲ့ကြောင်း စစ်အစိုးရ သမ္မတရုံးဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။

အဆိုပါရုရှားခရီးစဥ်တွင် တိုင်းစစ်အစိုးရ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးလည်း လိုက်ပါခဲ့သည်။

ဦးဇော်နိုင်ဦးက ထားဝယ်အထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများကို ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေ များ၊ အထူးစီးပွားရေးဇုန် (SEZ) ဥပဒေများဖြင့် အကာအကွယ်ပေးထားကြောင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ပြောဆိုခဲ့သည်။

မြေပြင်တွင်မူ ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်လတို့တွင် ရေနက်ဆိပ်ကမ်းဒေသ (နဘုလယ်ဒေသအပါအဝင် ရေဖြူနှင့် လောင်းလုံးမြို့နယ်က ကျေးရွာအချို့) တွင် စစ်အာဏာရှင်တပ်က ဆက်တိုက် စစ်ကြောင်းထိုးခဲ့သည်။

ယခုနှစ် ဇွန်လနှောင်းပိုင်းက စစ်အာဏာရှင်တပ် ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ မြိတ်ခရီးစဥ်တွင် ရေနက် ဆိပ်ကမ်းနှင့်ပတ်သက်၍ နှောင့်ယှက်သူများကို ချေမှုန်းမည်ဟု ကြုံးဝါးပြီးနောက် ယင်းသို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

ထိတွေ့တိုက်ပွဲများလည်းရှိကာ ဒေသခံများ ထွက်ပြေးနေရပြီး နယ်မြေ မတည်ငြိမ်ကြောင်း ဒေသခံများက ပြောသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလက ရုရှားသံအမတ်ကြီးနှင့်အဖွဲ့သည် ထားဝယ်မြို့သို့ရောက်ရှိလာကာ ထိုစဉ်က တနင်္သာရီတိုင်း စစ်ကောင်စီဝန်ကြီးချုပ် (လက်ရှိ တိုင်းလွှတ်တော်ဥက္ကဋ္ဌ) ဦးမြတ်ကိုနှင့် တွေ့ဆုံခဲ့ပြီး ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်၍ ကနဦးဆွေးနွေးခဲ့သည်။