ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်း စော်ဖျားရွာ သေနတ်ဒဏ်ရာဖြင့် အမျိုးသားအလောင်းထပ်တွေ့

August 28, 2026

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာတွင် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိကြောင်းဒေသခံအချို့က ပြောသည်။

ဩဂုတ်လ ၁၀ ရက်မှ ၂၁ ရက်အထိ ထားဝယ်မြို့နယ် ရှမ်းမတွင်း၊ ရှင်မုတ္ထီး၊ ရောင်းမော်ရွာများကတစ်ဆင့် သရက်ချောင်းမြို့နယ် ကင်းရှေ့၊ စော်ဖျား၊ မိုးရွှေကုန်း၊ ကျောက်လှေကား၊ အင်းပြား၊ ကထီးဝ၊ ပဒတ်ချောင်း၊ လောင်းမင်းဘ စသည့် ကျေးရွာများကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးခဲ့သည်။

စစ်ကြောင်းထိုးစဉ် အသက် ၄၀ ကျော်အရွယ် ဦးပစ်တစ် (အိမ်ခေါ်အမည်) သည် နေအိမ်ခြံဝန်းအနီး လယ်ကွင်းအစပ်ရှိ ဝါးရုံတွင် မျစ်သွားချိုးမည်ဆိုကာ ပျောက်ဆုံးခဲ့ပြီး မိသားစုဝင်များနှင့် ရွာသားများက လိုက်လံရှာဖွေခဲ့ကြသော်လည်း မတွေ့ခဲ့ကြောင်း စော်ဖျားရွာက အမျိုးသမီးတစ်ဦး ဆိုသည်။

လွန်ခဲ့သည့် ငါးရက် ဩဂုတ်လ ၂၃ရက်က မိသားစုဝင်တစ်ဦး လယ်သို့ သွားစဉ် လယ်ကွင်းအနီး ချောင်းစပ်တွင် ရုပ်အလောင်းကို တွေ့ရှိကြောင်း ၎င်းက ဆိုသည်။

“အလောင်းက ရက်ကြာလို့ ပုပ်ပွပြီး ရိနေပြီ၊ မလို့တောင် မရတော့ဘူး။ နားထင်မှာ သေနတ်ဒဏ်ရာတွေ့တယ်တဲ့” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။

သေဆုံးသူအမျိုးသားသည် ရိုးသားအေးဆေးသူဖြစ်ပြီး စစ်ကြောင်းနှင့်တွေ့ပြီး ပစ်သတ်ခံရတာဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောသည်။

စစ်အာဏာရှင်တပ်သည် ကင်းရှေ့ရွာသားအချို့ကို စစ်ကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ယင်းအနက် အသက် ၅၃ နှစ်အရွယ် ဦးစိုးထွန်းကို ဩဂုတ်လ ၁၃ ရက်ဝန်းကျင်တွင် သတ်ဖြတ်ပြီး စော်ဖျားရွာ ဘုန်းကြီးကျောင်းဝင်းတွင် မြေမြှုပ်ထားခဲ့သေးသည်။

သရက်ချောင်းမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးခဲ့သည့် စစ်အာဏာရှင်တပ်သည် ဒေသခံများကို လူသားဒိုင်းသဖွယ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လမ်းပြလုပ်ခိုင်းခြင်း၊ ထမင်းချက်ခိုင်းခြင်း၊ ရိုက်နှက်ညှင်းပန်းခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ကရင် အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။

အခုအခါ အဆိုပါစစ်ကြောင်းသည် ရှင်မုတ္ထီး၊ ညောင်ဇင်၊ ရန်တောင်၊ သင်းကျွန်း၊ သရက်နှစ်ခွ၊ ဥတ္တူ၊ ပိန်းတောမှ သရက်ချောင်းမြို့အောက်ဘက် ဆင်ကူး၊ ဘုတ်ကိုင်း၊ ကျွဲစပ်ရွာဘက်အထိ စစ်ကြောင်းများ ဖြန့်ကျက်ထိုးနေသည်။