ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဒေသထွက်ဆန်များ ဈေးတက်နေသည်။
ပြီးခဲ့သည့်သီတင်းပတ် ဩဂုတ်လ ၂၃ ရက်က ထားဝယ်ပေါ်ဆန်းဆန် တစ်အိတ် ၁၂၈,၅၀၀ ကျပ်မှ ဩဂုတ်လ ၂၉ ရက်တွင် ၁၃၅,၀၀၀ကျပ်၊ ထားဝယ်ဆန်ရှည် (ခေါ်) ဧည့်မထ ဆန်မှာ ၇၇,၀၀၀ကျပ်မှ ၈၁,၀၀၀ကျပ်သို့ အသီးသီးဈေးတက် သွားသည်။
ထို့ကြောင့် တစ်ပတ်အတွင်း ထားဝယ်ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၆,၅၀၀ကျပ်၊ ထားဝယ်ဆန်ရှည် (ခေါ်) ဧည့်မထ ဆန်တစ်အိတ်လျှင် ၄,၀၀၀ကျပ် စျေးတက်သွားသည်။
ထို့နည်းတူ ထားဝယ်ဈေးကွက်သို့ တိုင်းပြင်ပမှ တင်သွင်းလာသည့် ဆန် အချို့လည်း ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးတက်နေသည်။
ကြက်သွန်နီ၊ ကြက်သွန်ဖြူအပါအဝင် အခြား စားဖိုဆောင်သီးနှံများမှာမူ ယခုသီတင်းပတ်အတွင်း ထားဝယ်ဈေးကွက်၌ ဈေးငြိမ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
သို့သော် ထားဝယ်ရေထွက်ကုန်ဈေးကွက်၌ ယခုသီတင်းပတ်အတွင်း ပုစွန်အဝင်နည်းပြီး ဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိသည်။
ဩဂုတ်လ ၂၃ရက်က ပုစွန်ချောကြီး တစ်ပိဿာ ၅၅,၀၀၀ ကျပ်မှ ဩဂုတ်လ ၂၉ ရက်တွင် ၆၀,၀၀၀ကျပ်ဖြစ်လာပြီး တစ်ပတ်အတွင်း ပုစွန်တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ဈေးထပ်တက်သွားသည်။









