ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အထူးစီးပွားရေးဇုန်သွားမည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ လက်နက်များ သိမ်းဆည်းရမိ

August 29, 2026

ပုံစာ - သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - ဒူရကစစ်ကြောင်း

ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ) သို့ အင်အားဖြည့်တင်းရန် သွားသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းကို ယနေ့ ဩဂုတ်လ ၂၉ ရက် နံနက်အစောပိုင်းတွင် တော်လှန်ရေး အင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ထားဝယ်မြို့ဘက်မှ ထွက်လာသည့် အဆိုပါ ခြေလျင်စစ်ကြောင်းကို ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲ ၂ နာရီဝန်းကျင်ကြာ ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။

ယင်းတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) ၏ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)၊ က္လားသစ္ဏတ် (ကျားသစ်နက်)၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစု (DEF)၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF)၊ ကိုမြတ်သူအဖွဲ့နှင့် အရှေ့တောစင်္ကြာစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်အာဏာရှင်တပ်ဘက်မှ ၁၅ ဦး သေဆုံးပြီး သေနတ် ၈ လက်၊ ကျည်ဘောက် ၁၁ ခု၊ ကျည်ဆန် အတောင့် ၂၀၀ ခန့် သိမ်းဆည်းရမိခဲ့ကြောင်း ဒူရကစစ်ကြောင်းက ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

” တိုက်ခိုက်ခံရပြီးမှာ သူတို့ (စစ်အာဏာရှင်တပ်သား) ထားဝယ်(မြို့)ဘက် ပြန်ပြေးသွားတယ် ။ ပြီးမှ အလောင်းပြန်လာကောက်တယ် ။ ရွာထဲမှာ ဆက်ရှိနေတဲ့သူ (စစ်အာဏာရှင်တပ်သား) တွေ ရှိနေသေးတယ် ” ဟု ဒူရကစစ်ကြောင်းမှူး ကပြောသည် ။

တိုက်ပွဲအတွင်း အပြန်အလှန် ပစ်ခတ်သံများကို ၂ နာရီခန့် ကြားခဲ့ရပြီးနောက် ယနေ့ ညနေပိုင်းအထိ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း မောင်မယ်ရှောင်ရွာအနီး ကျေးရွာတစ်ရွာမှ ရွာသားတစ်ဦးက ပြောသည်။

” မနက် ၆နာရီခွဲကနေ ၈ နာရီခွဲအထိအပြန်အလှန်ပစ်သံကြားရတယ် ။ ကျန်တဲ့အချိန်က တခြမ်းတည်းက ပစ်နေတာ ၁၁ နာရီ ဝန်းကျင်အထိပဲ ။ ညနေဘက်မှာက လက်နက်ကြီးအသံ ၂ချက် ထပ်ကြားရသေးတယ်” ဟု ၎င်းကပြောဆိုသည် ။

တိုက်ပွဲဖြစ်ပွားသည့် မောင်မယ်ရှောင်ရွာသည် ရေး-ထားဝယ် ကားလမ်းပေါ်တွင် တည်ရှိပြီး တိုက်ပွဲဖြစ်ပွားသည့် နံနက်ပိုင်းကတည်းက ကားလမ်းပိတ်ထားခဲ့ရာမှ ယနေ့ ညနေပိုင်းတွင်မှ ပြန်လည်ဖွင့်ပေးခဲ့ကြောင်း လမ်းပိုင်းအသုံးပြုသူများထံမှ သိရသည်။

တိုက်ခိုက်ခံရသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းတွင် အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) လက်အောက်ခံ ခမရ ၄၀၅၊ ၄၀၆ နှင့် ခလရ ၂၆၇ တပ်ရင်းများမှ အင်အား ၈၀ ခန့် ပါဝင်ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ကျားသစ်နက်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။