ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ စစ်အာဏာရှင်တပ်က အင်အားဖြည့်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ဒေသခံများ မိုးထဲရေထဲ ထပ်မံထွက်ပြေးနေကြရကြောင်း စစ်ဘေးရှောင် ဒေသခံများထံမှ သိရသည်။
အင်အား ၆၀ နီးပါးရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဩဂုတ်လ ၂၁ ရက်တွင် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ဝက်ချောင်းကျေးရွာသို့ စတင်စစ်ကြောင်းထိုးလာပြီး ဩဂုတ်လ ၂၂ ရက်တွင် စစ်ကြောင်း ပြန်ဆုတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုစစ်ကြောင်း ပြန်ဆုတ်သွားပြီးနောက် ၅ ရက်ခန့်အကြာ မနေ့ (ဩဂုတ် ၂၆) ညပိုင်းတွင် စစ်အင်အား ၁၀၀ ကျော်ဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ညသန်းခေါင် ဝင်လာတယ် ၁၁ နာရီလောက်ရှိမယ်၊ဝက်ချောင်းဘက်ထွက်သွားတယ်” ဟု ယင်းအမျိုးသမီးက ပြောသည်။
ထို့ကြောင့် ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ စသည့် ကျေးရွာများမှ ဒေသခံအချို့မှာ ညတွင်းချင်း ထပ်မံထွက်ပြေးခဲ့ကြရပြီး အချို့မှာ ယနေ့ နံနက်ပိုင်းတွင် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြကြောင်း ဒေသခံ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
“ရွာမှာ သုံးညပြန်အိပ်ရတယ်။ အခုပြန်ထွက်ပြေးရတာပဲ” ဟု ယင်းစစ်ဘေးရှောင် အမျိုးသမီးက ပြောသည်။
ထားဝယ်ဒေသတွင် ဩဂုတ်လ ဒုတိယပတ်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းနေခြင်းကြောင့် တောင်ကျချောင်းရေများ ကျဆင်းပြီး ချောင်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်နေသောကြောင့် စစ်ဘေးရှောင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရာတွင် အခက်အခဲများစွာ ကြုံတွေ့နေကြရကြောင်း အထက်ပါ စစ်ဘေးရှောင် အမျိုးသမီးက ပြောသည်။
“ခမောင်းချောင်းနဲ့ ဝက်ချောင်းရွာကဘေးပတ်လည်မှာရေဝိုင်းနေတယ်။ နဘုလယ်ဘက်ထွက်လည်း ရေကြီးနေတယ်၊ရငဲဘက်သွားမယ်ဆိုလည်း ရေကြီးနေတယ်၊ကညင်အင်းဘက်သွားရင်လည်း ရေကြီးနေတယ်။ စစ် ကြောင်းရှိတဲ့ ရေဖြူထွက်ပေါက်တစ်ပေါက်ပဲရှိတယ်။ မထူးတော့ဘူးဆို ပြီး မနက်က စစ်ရှောင်တွေ ခပ်များများစုပြီး အရဲစွန်ထွက်လာကြတာ” ဟု ယင်းအမျိုးသမီးက ပြောသည်။
စစ်ကြောင်းမှာ လက်ရှိတွင် ဝက်ချောင်းကျေးရွာ ပတ်ဝန်းကျင်၌ ကင်းပုန်းဝပ်ထားဖွယ်ရှိသည်ဟု ဒေသခံများက ပြောသည်။
ယင်းအပြင် အင်အား ၂၀၀ နီးပါးရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းတစ်ကြောင်းမှာလည်း ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရေနက်ဆိပ်ကမ်း ယာယီတပ်စခန်း၌ တပ်စွဲထားကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။
စစ်အာဏာရှင်တပ်မှာ ဇူလိုင်လ ပထမပတ်မှစတင်ကာ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ဝင်လိုက်ထွက်လိုက်ဖြင့် စစ်ကြောင်းထိုးနေသည်မှာ ရက်ပေါင်း ၄၀ နီးပါးအထိ ရှိလာပြီဖြစ်သည်။
ထို့ကြောင့် ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်း စသည့် ကျေးရွာများမှ ဒေသခံပြည်သူများသည် စားဝတ်နေရေးအတွက် အလုပ်အကိုင် အတည်တကျ လုပ်ကိုင်၍မရဘဲ နေရပ်ပြန်လာလိုက် ပြန်ထွက်ပြေးလိုက်ဖြင့် ထွက်ပြေးတိမ်းရှောင် နေကြရသည်မှာလည်း ရက်ပေါင်း ၄၀ နီးပါးအထိ ရှိလာပြီဖြစ်သည်။







