ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကံပေါက်တွင် ဒယ်လ်ကိုကုမ္ပဏီ သတ္တုလုပ်ငန်းတိုးချဲ့မှု KBDF သတိပေး

August 25, 2026

Photo - The European Times

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် ဒယ်လ်ကို (Delco) ကုမ္ပဏီက သတ္တုတူးဖော်သည့် လုပ်ငန်းများကို တိုးချဲ့နေမှုအပေါ် ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) ၊ အမှတ် ၈၀၀၂ တပ်ရင်းက သြဂုတ်လ ၂၄ ရက်တွင် သတိပေးစာ ထုတ်ပြန်လိုက်သည်။

လုပ်ငန်းတိုးချဲ့နေမှုကြောင့် ဒေသခံများ၏ အသက်အိုးအိမ်နှင့် ကျန်းမာရေး ထိခိုက်စေခြင်း၊ ရှေးဟောင်းအမွေအနှစ်များနှင့် သဘာဝအလှတရားများ ပျက်စီးစေခြင်း စသည့် လုပ်ရပ်များကို ရပ်တန့်ရန် ယင်းသတိပေးစာတွင် ဖော်ပြသည်။

မလိုက်နာလျှင် နောက်ဆက်တွဲအကျိုးဆက်ကို ကုမ္ပဏီဘက်က တာဝန်ယူရမည်ဖြစ်ကြောင်း KBDF က ဆိုသည်။

ဒယ်လ်ကိုကုမ္ပဏီ၏ တာဝန်ရှိသူများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ရန် ဦးစွာကြိုးပမ်းခဲ့သော်လည်း လက်ခံဖြေရှင်းခြင်း မရှိသဖြင့် သတိပေးစာထုတ်ရခြင်းဖြစ်ကြောင်း KBDF တပ်ရင်းမှူး ရဲဘော်အောင်ပန်းက ပြောသည်။

“ဒီကုမ္ပဏီနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုက လုပ်ကိုလုပ်မယ်။ မဖြစ်မနေ လုပ်မယ်။ ဘယ်လိုအရေးယူမယ်ဆိုတဲ့ အပိုင်းက လောလောဆယ်ပြောလို့မရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် ဒယ်လ်ကိုကုမ္ပဏီက နေ့ရောညပါ သတ္တုတူးဖော်နေကြောင်း သတ္တုတွင်းနှင့် ကပ်လျက် တည်ရှိသည့် ကံပေါက်ရွာ မြသီတာရပ်ကွက်နေသူများက ပြောသည်။

သတ္တုတူးဖော်သည့် ဧရိယာလည်း ချဲ့ထွင်လာသဖြင့် ဒယ်လ်ကိုကုမ္ပဏီ၏ သတ္တုလုပ်ငန်းဧရိယာသည် ကံပေါက်နယ်မြေရဲစခန်း ၏ အနောက်ဘက်အထိပင် ရောက်နေပြီဖြစ်သည်။

KBDF ၏ သတိပေးစာတွင် ဒယ်လ်ကိုကုမ္ပဏီသည် တရုတ်နိုင်ငံသားများကို ခေါ်ယူ၍ ကျားဖြန့် (အွန်လိုင်းငွေကြေး လိမ်လည်) လုပ်ငန်းကဲ့သို့ လုပ်ဆောင်ရန် အဆောက်အအုံ အသစ်များကို လွန်ခဲ့သည့်သုံးလခန့်ကတည်းက ကံပေါက်တောင်ပေါ်တွင် တည်ဆောက်နေကြောင်း ဖော်ပြပါရှိသည်။

ယင်းအချက်အလက်သည် ကုမ္ပဏီဘက်က အတွင်းသတင်းနှင့် ဒေသခံများ၏ လေ့လာစောင့်ကြည့်မှုများအရ သိရကြောင်း ရဲဘော်အောင်ပန်းက ပြောသည်။

“မြန်မာနိုင်ငံသားတွေက ခရီးတစ်ခုသွားဖို့ကို ပိုက်ဆံအမြောက်အမြား (ခရီးသွားစစ်ဆေးရေးဂိတ်ကြေး) နဲ့ ကိုယ့်နိုင်ငံ မှာ ကိုယ် သွားရေးလာရေးကို ခက်ခက်ခဲခဲသွားနေရချိန်မှာ တရုတ်နိုင်ငံသားတွေက အခွင့်ထူးခံပုံမျိုးနဲ့ ဒီကိုရောက်နေတာက နောက်ကွယ်မှာ စကစနဲ့ ဆက်နွယ်နေတယ်ဆိုတာကတော့ သက်သေဖြစ်တယ် ” ဟု ၎င်းက ပြောဆိုသည်။

ကံပေါက်ဒေသခံများထံ ဆက်သွယ်မေးမြန်းရာမှာလည်း ယခုနှစ်ဆန်းမှစ၍ ကံပေါက်ဒေသတွင် သတ္တုလုပ်ငန်းများ နှင့်ဆက်စပ်၍ တရုတ်နိုင်ငံသားများ အဝင်အထွက် ရှိကြောင်း ဆိုသည်။

“မိုင်း (သတ္တုတွင်း) တွေမှာ သူဌေးတွေက တရုတ်တွေချည်းပဲ။ ဗမာစကားတောင် မပြောတတ်ကြဘူး။ ဒယ်လ်ကိုမှာရော အပြင်မိုင်းတွေရော တရုတ် တွေချည်းပဲ” ဟု ကံပေါက်ရွာသားတစ်ဦးက ပြောသည်။

အာဏာမသိမ်းမီ ကတည်းက ရံဖန်ရံခါ တရုတ်နိုင်ငံသားများ အဝင်အထွက်ရှိသော်လည်း ယခုကဲ့သို့ အဝင်အထွက် မများကြောင်း ဒေသခံများက ဆိုသည်။

ဆင်ရပ်ဆည် (တောင်ပေါ် ရေလှောင်တစ်ဖက်ဆည်) တည်ရှိရာ ကံပေါက် ရေကန်တောင်ကြောပေါ်တွင် ဒယ်လ်ကို ကုမ္ပဏီ ဘက်က အဆောက်အအုံအသစ်များ ဆောက်နေသည်မှာ မှန်ကန်ကြောင်း Dawei Watch က ဓာတ်ပုံ အထောက်အထား များ ရရှိထားသည်။

ယင်းအဆောက်အအုံများ တည်ဆောက်နေသည်ကို ဓာတ်ပုံ ရိုက်ကူးဖြန့်ဝေသည်ဟု စွပ်စွဲချက်ဖြင့် ကံပေါက်ဒေသခံ ဝန်ထမ်း တစ်ဦးကိုလည်း ကုမ္ပဏီဘက်က လွန်ခဲ့တဲ့ သုံးလဝန်းကျင်ကတည်းက အလုပ်ဖြုတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဥ်မတိုင်မီ ၂၀၂၁ ခုနှစ်ခန့်ကတည်း ရေကန်တောင်ကြောပေါ်သို့ ဒေသခံများတက်ရောက်ခွင့် မပြုတော့ကြောင်း ဒေသခံများက ဆိုသည်။ ယခင်က ရေကန်တောင်ကို ဒေသခံများ အလည်အပတ်သွားရောက်ခွင့်ရှိသည်။

ယင်းအပြင် KBDF ၏ ထုတ်ပြန်ချက်တွင် ဒယ်လ်ကိုကုမ္ပဏီသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ (MOGE) ထံမှ ဓာတ်ငွေ့ ဝယ်ယူ၍ ပိုက်လိုင်းသွယ်တန်းကာ သတ္တုတွင်းလုပ်ငန်းတိုးချဲ့ရန်လည်း စီစဥ်နေကြောင်း ဖော်ပြသည်။

ယင်းအချက်အလက်ကိုမူ Dawei Watch က သီးခြားအတည်မပြုနိုင်သေးပေ။

အထက်ပါကိစ္စများနှင့် ပတ်သက်၍ ဒယ်လ်ကိုကုမ္ပဏီဘက်သို့ Dawei Watch က အီးမေးလ်မှတစ်ဆင့် ဆက်သွယ် စာပေးပို့ မေးမြန်းထားသော်လည်း တစ်ရက်ကြာသည်အထိ ပြန်လည်တုံ့ပြန်ခြင်း မရှိသေးပေ။

အာဏာသိမ်းပြီးနောက်ပိုင်း ကံပေါက်ဒေသတွင် ၂၀၂၃ ခုနှစ်ခန့်မှစတင်ကာ စစ်အုပ်စု လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များ ၏ ခွင့်ပြုချက်ဖြင့် တရားမဝင် သတ္တုတွင်းများစွာလည်း လုပ်ကိုင်နေကြသည်။

ယင်းလုပ်ကွက်များကြောင့် ရေချိုချောင်းများပျက်စီးကာ ဒေသခံများသည် မိုးရာသီတွင် ချောင်းရေနောက်ခြင်း၊ သားငါး ရှားပါးခြင်းနှင့် နွေရာသီတွင် ရေတွင်းရေကန် ခန်းခြောက်လွယ်ခြင်း ပြဿနာများကို ဆက်တိုက်ရင်ဆိုင်နေရသည်။

ယခင်ကတည်းက သတ္တုတွင်းများရှိသော်လည်း ဒေသခံ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ ကြပ်မတ်မှုကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့ဝင်ဟောင်းတစ်ဦးက ဆိုသည်။ အာဏာသိမ်း ပြီးနောက်တွင်မူ လေ့လာစောင့်ကြည့်ရေးအဖွဲ့လည်း လှုပ်ရှားခွင့်မရတော့ပေ။

“ပြည်သူ့အစိုးရခေတ်မှာ သတ္တုစောင့်ကြည့်ရေး ရှိတယ်။ ဥပဒေစည်းမျဥ်းစည်းကမ်းရှိတယ်။ ပရမ်းပတာ လုပ်ခဲ့တာတွေ လည်း ရှိပေမယ့် နည်းနည်းပါးပါး အထိန်းအကွပ်လေးတော့ ရှိသေးတယ်။ အခု စကစ လက်ထက်မှာကတော့ ဥပဒေ စည်းမျဥ်းစည်းကမ်းဆိုတာလည်း မရှိတော့ဘူး။ အခုချိန်မှာ စောင့်ကြည့်ထောက်ပြရင်လည်း ထောင်ထဲပို့ခံရမှာပေါ့” ဟု ၎င်းက ပြောဆိုသည်။

ကံပေါက်တိုက်နယ်တွင် ကံပေါက်ရွာအပြင် အုန်းပင်ကွင်း၊ ပယ၊ မင်းသား စသည့်နေရာများတွင်လည်း သတ္တုလုပ်ကွက် များစွာရှိပြီး ယင်းလုပ်ကွက်များအနီးတွင် စစ်အာဏာရှင်တပ်များ၏ တပ်ဌာနချုပ်၊ တပ်စခန်းများတည်ရှိကြသည့်အပြင် ပျူစောထီးတပ်စခန်းများလည်း တည်ရှိကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှသိရသည်။

ကံပေါက် သတ္တုတွင်းကို ၂၀၀၇ ခုနှစ်တွင် ဒယ်လ်ကိုကုမ္ပဏီက လွှဲပြောင်းယူကာ ယနေ့အထိ လုပ်ကိုင်နေဆဲဖြစ်သည်။

အာဏာသိမ်းပြီးနောက်တွင်လည်း ကံပေါက်ကျေးရွာအုပ်စုအနီး မြေ ၂ဝ၈၇ ဧက ပေါ်တွင် သတ္တုတူးခွင့်ရနေဆဲဖြစ်ကြောင်း Tanintharyi Coalition Resource Watch ၏ ၂၀၂၄ ဇန်နဝါရီလမှ မတ်လအထိ အစီရင်ခံစာတွင် ဖော်ပြသည်။

ဒယ်လ်ကိုကုမ္ပဏီ ကံပေါက်သတ္တုတွင်းကို လွှဲပြောင်းယူပြီးနောက်တွင် ၂၀၁၅ ခုနှစ်၊ ၂၀၁၈ ခုနှစ် ၊ ၂၀၂၂ ခုနှစ် ၊ ၂၀၂၃ ခုနှစ် တို့တွင် မြေပြိုမှုအန္တရာယ် လေးကြိမ်ကြုံခဲ့ရပြီး ဒေသခံလေးဦး ထက်မနည်း အသက်သေဆုံးခဲ့သည်။