ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်ဈေးကွက်သို့ ရေထွက်ကုန်အဝင်နည်းပြီး ဈေးတက်

August 23, 2026

မြန်မာပင်လယ်ပြင်တွင် ဩဂုတ်လ တတိယပတ်မှစ၍ လေကြမ်းပြီး လှိုင်းကြီးကာ ရာသီဥတုဆိုးရွားနေခြင်းကြောင့် ဈေးကွက်သို့ ငါးပုစွန် ဝင်ရောက်မှုနည်းပါးကာ ဈေးတက်လျက်ရှိကြောင်း ထားဝယ်မြို့ရှိ ရေထွက်ကုန်ဈေးကွက်မှ သိရသည်။

ဩဂုတ်လ တတိယပတ်ကစပြီး ပင်လယ်ပြင်တွင် လေကြမ်း၍ လှိုင်းကြီးခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေချိုရေစီးကြောင်းများ ဖြစ်ကာ ငါးပုစွန်များ ရေနက်ပိုင်းသို့ စားကျက်ပြောင်းသွားကြကြောင်း၊ ယင်းကြောင့် ထားဝယ်မြို့ရှိ အနီးရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများ ငါးဖမ်းဆီးရရှိမှု နည်းပါးလာကြောင်း ထားဝယ်ခရိုင်အတွင်းရှိ ကမ်းနီးငါးဖမ်းလှေ လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုက ရာသီဥတုကြောင့် ငါးဖမ်းချိန်ထက် ကျွန်းတွေမှာ ခိုနေရတာက များနေတယ်။ ငါးကလည်း သိပ်မရဘူး၊ လုပ်သာလုပ်နေရတာ မကိုက်ဘူး” ဟု အထက်ပါ ငါးဖမ်းလှေပိုင်ရှင် အမျိုးသမီးက ပြောသည်။

ထို့ကြောင့် ထားဝယ်မြို့၏ ရေထွက်ကုန်ဈေးကွက်သို့ ဩဂုတ်လ တတိယပတ်ကစပြီး ငါးနှင့် ပုစွန်များ အဝင်နည်းကာ ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ထားဝယ်မြို့ အောင်တံခွန်ငါးဈေးရှိ ရေထွက်ကုန် လက်လီလက်ကား ဖြန့်ချိရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ငါး၊ ပုစွန်ပေါနေတုန်းက ပုံမှန် တစ်ရက်ကို ငါးပုံး အလုံးလေးဆယ်လောက်ဝင်တယ်။ အခုက တစ်ရက် အလုံး နှစ်ဆယ်လောက်ပဲ ဝင်တော့တယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ထို့ကြောင့် ထားဝယ်ရေထွက်ကုန်ဈေးကွက်တွင် ဩဂုတ်လ တတိယပတ်ကစပြီး ရေထွက်ကုန်ပစ္စည်းများ ဈေးမြင့်တက်သွားရာ ဩဂုတ်လ ၉ ရက်နေ့က ငါးဒွန်းခြင်းသေး(လုံး) တစ်ပိဿာ ၁၃,၀၀၀ ကျပ်မှ ဩဂုတ်လ ၂၂ ရက်တွင် တစ်ပိဿာ ၂၀,၀၀၀ ကျပ် ဖြစ်သွားသည်။

ငါးကွန်းရှပ် တစ်ပိဿာ ၁၈,၀၀၀ ကျပ်မှ ၂၈,၀၀၀ ကျပ်၊ ပါတူးခေါ် ငါးလုံးငါးမှာ တစ်ပိဿာ ၁၆,၀၀၀ ကျပ်မှ ၁၈,၀၀၀ ကျပ်၊ ငါးမဲလုံး တစ်ပိဿာ ၁၀,၀၀၀ ကျပ်မှ ၁၂,၀၀၀ ကျပ်၊ ဖိုးထောမဲ တစ်ပိဿာ ၁၈,၀၀၀ ကျပ်မှ ၂၂,၀၀၀ ကျပ်၊ ပုစွန်ချောကြီး တစ်ပိဿာ ၄၅,၀၀၀ ကျပ်မှ ၅၅,၀၀၀ ကျပ်သို့ အသီးသီး ဈေးတက်သွားကြခြင်း ဖြစ်သည်။

ဩဂုတ်လ ၁၆ ရက်နေ့၌ ထားဝယ်ရေထွက်ကုန်ဈေးကွက်သို့ ပုစွန် အဝင်မရှိသလောက်ဖြစ်နေ၍ ဈေးအမြင့်ဆုံးဖြစ်သွားကာ တစ်ပိဿာ ၆၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်သွားခဲ့ကြောင်း ထားဝယ်ရေထွက်ကုန်ဈေးကွက်ထံမှ သိရသည်။

တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်၍ လှိုင်းကြီးနေပြီး လှိုင်းအမြင့်မှာ ၁၁ ပေမှ ၁၃ ပေခန့် ရှိနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။