သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာနှင့် မိုးရွှေကုန်းရွာကြားတွင် စစ်အာဏာရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ (ဩဂုတ် ၂၁) မနက် ၆ နာရီခန့်တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။
“ပစ်ခတ်မှုကတော့ မိနစ် ၃၀ လောက်ပဲကြာတယ်၊ ဒေသခံရော ပြည်သူ့ကာကွယ်ရေးတပ်တွေရော ထိခိုက်မှုရှိတယ်လို့ မကြားရဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ် နှစ်ဖက်ပစ်ခတ်သံများ ကြားရပြီး နေ့လယ် ၁၁ နာရီခန့်တွင် ရောင်းမော်ရွာဘက်သို့ စစ်အာဏာရှင်တပ်ဖွဲ့အချို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု ကင်းရှေ့ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“စော်ဖျားရွာဘက်မှာ ကျန်တဲ့အဖွဲ့တွေ ကျန်နေသေးတယ်၊ ရောင်းမော်ရွာဘက်ကိုတော့ ပြန်ဆုတ်တဲ့သူတွေလည်း ပြန်ဆုတ်သွားကြပြီ မနက်က ပစ်ခတ်မှုမှာ ရွာသားတွေထိခိုက်မှုရှိတယ်လို့ မကြားရဘူး” ဟု အထက်ပါ ဒေသခံက ဆိုသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဩဂုတ်လ ၁၀ ရက်မှစတင်ကာ သရက်ချောင်းမြို့နယ် မြောက်ပိုင်းတစ်ကြောရှိ ကင်းရှေ့၊ စော်ဖျား၊ မိုးရွှေကုန်း၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ အင်းပြား၊ ကထီးဝ၊ ပဒတ်ချောင်း စသည့်ကျေးရွာများကို အင်အား ၇၀၀ ဝန်းကျင်ဖြင့် ဖြန့်ကျက်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ဩဂုတ်လ ၁၆ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ စခန်းချနေထိုင်သည့်နေရာ ၄ ခုက တဲငယ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံအချို့ကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ စစ်ကြောင်းနှင့်အတူ လမ်းပြခေါ်ဆောင်ခြင်းများ လုပ်ဆောင်ခဲ့သည်။
ဩဂုတ်လ ၁၈ ရက်ကလည်း ပဒတ်ချောင်းရွာတွင် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။







