ထားဝယ်အထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများကို ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေများ၊ အထူးစီးပွားရေးဇုန် (SEZ) ဥပဒေများနှင့် အကာအကွယ်ပေးထားကြောင်း တနင်္သာရီတိုင်းစစ်အစိုးရ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ပြောဆိုသည်။
ရုရှားနိုင်ငံ မော်စကိုမြို့ G.V. Plekhanov စီးပွားရေးတက္ကသိုလ်တွင် ယနေ့ ဩဂုတ်လ ၂၀ ရက်တွင် ပြုလုပ်သော မြန်မာ-ရုရှား နှစ်နိုင်ငံစီးပွားရေးဖိုရမ်တွင် ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းအား ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာ့ကုန်သွယ်ရေကြောင်းလမ်းတစ်ခုကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဖြစ်လာပါက ဆောင်ရွက်ဆဲ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံကို ကုန်လမ်းဖြင့် ချိတ်ဆက်ထားသော Southern Economic Corridor လမ်းမကြီးမှတစ်ဆင့် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကို တိုက်ရိုက်ချိတ်ဆက်နိုင်ကြောင်းနှင့် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ၂၄ နာရီအတွင်း ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယင်းအပြင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ အဓိကကမ်းလွန် သဘာဝဓာတ်ငွေ့သိုက်များနှင့် ၄၅ ကီလိုမီတာသာ ကွာဝေးလျက်ရှိကြောင်းလည်း ပြောဆိုခဲ့သည်။
သို့သော် ထားဝယ်အထူးစီးပွားရေးဇုန် နှင့်အနီးဝန်းကျင် ဒေသများမှာ စစ်အုပ်စုက ရာနှုန်းပြည့် ထိန်းချုပ်ထားနိုင်သော ဒေသများမဟုတ်ဘဲ တော်လှန်ရေးတပ်များနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည်ကိုမူ ထည့်သွင်းပြောဆိုခြင်းမရှိဘဲ ထိန်ချန်ထားခဲ့သည်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း၏ ပထဝီအနေအထားနှင့် မဟာဗျူဟာအရ အရေးပါသည့်အချက်များကို ရွေးပြီးပြောဆိုနေခြင်းမှာ ထားဝယ်အထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံရန် စည်းရုံရေးဆင်းနေခြင်းဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် ဒေသခံတစ်ဦးက ဆိုသည်။
“သူတို့ကတော့ ဒီစီမံကိန်းကို ဖြစ်ချင်နေတဲ့သူတွေဆိုတော့ ကောင်းတာတွေပဲ ရွေးပြောမှာပေါ့လေ။ ကျွန်တော်တို့ ဒေသခံတွေကတော့ အမှန်တိုင်းပဲ အခုအချိန် ဒီစီမံကိန်းဖြစ်လာမှာကို မလိုလားဘူးဗျ။ အခုတောင် ပြေးနေရတာ ၇ လပိုင်းထဲကဗျာ။ စီမံကိန်းဖြစ်လာရင် ပိုတောင်ဆိုးဦးမယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံရန် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားပြီး ဆိပ်ကမ်းတစ်ခုနှင့် ရေနံချက်စက်ရုံတို့ ဆောက်လုပ်မည်ဟုဆိုသည်။
မြန်မာနိုင်ငံတွင် သယံဇာတရှာဖွေရေးနှင့် ကမ်းလွန်ရေနံ၊ သဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းများကို စိတ်ဝင်စားလျက်ရှိကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ယခုခရီးစဉ်အတွင်း ရုရှားသမ္မတ ပူတင်က ပြောဆိုခဲ့သည်။
ယခု ရုရှားနိုင်ငံခရီးစဉ်သို့ တနင်္သာရီတိုင်းစစ်အစိုးရဝန်ကြီးချုပ်လည်း လိုက်ပါသွားသည်။







