လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ကျောက်ဆင်ကျေးရွာတွင် ယနေ့ ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သားအဖနှစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။
ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ကျောက်ဆင်ကျေးရွာ အရှေ့ပိုင်းရှိ နေအိမ်တစ်ဆောင်အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
အဆိုပါနေအိမ်အနီးတွင် ရှိနေသည့် ဦးသန်းအောင်နှင့် သားဖြစ်သူ ကိုပြည့်အောင်တို့မှာ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူနှင့် တူမ ဖြစ်သူတို့မှာ ဒဏ်ရာရကြောင်း ၎င်းက ပြောဆိုသည်။
“နှစ်လုံးကွဲတာ။ လက်နက်ကြီးနောက်ပိတ်မှာ ၁၅၀ လို့ ရေးထားတယ်” ဟု အဆိုပါဒေသခံက ပြောသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အချိန်တွင် ကျောက်ဆင်ကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်တို့တွင် မည်သည်ထိတွေ့တိုက်ပွဲမျှ မရှိကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်ဆင်ကျေးရွာအုပ်စုသည် ထားဝယ်-မောင်းမကန်လမ်းပိုင်းတွင်ရှိသော ခလရ ၁၀၄ တပ်ရင်း အနောက်ဘက် ငါး ကီလိုမီတာ ဝန်းကျင်တွင် ရှိသည်။
အဆိုပါ လက်နက်ကြီးမှာ ခလရ ၁၀၄ တပ်ရင်းက ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။
သေဆုံးသည့် သားအဖနှစ်ဦးစလုံးကို ယနေ့ မွန်းလွဲပိုင်းတွင် ကျောက်ဆင်ကျေးရွာ သုသာန်၌ သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။







