သရက်ချောင်းမြို့နယ်၊ ပဒတ်ချောင်းရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ယနေ့ ဩဂုတ်လ ၁၈ ရက် မွန်းလွဲပိုင်း ၂ နာရီခန့်တွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။
စစ်ကြောင်း ရှေ့တိုးလာသဖြင့် ထိတွေ့ပစ်ခတ်မှုဖြစ်ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ပစ်ခတ်မှုက ခဏပဲဖြစ်တာပါ၊ (စစ်အာဏာရှင်တပ်) သူတို့အထဲထိ တိုးလာတော့ ထိတွေ့မှုဖြစ်တယ်။ အရင်နေ့တွေ ကလည်း (စစ်အာဏာရှင်တပ်) လက်နက်ကြီးနဲ့ပစ်တာ၊ ဒရုန်းနဲ့ ဗုံးချတာတွေ လုပ်နေတာပဲ” ဟု ၎င်းက ပြောဆိုသည်။
ပဒတ်ချောင်းကျေးရွာသည် သရက်ချောင်းမြို့၏ အရှေ့မြောက်ဘက် မျဉ်းဖြောင့်တိုင်းလျှင် ခုနစ်မိုင်ဝန်းကျင် အကွာတွင် တည်ရှိသည်။
ဩဂုတ်လ ၁၆ ရက်တွင် စော်ဖျား၊ မိုးရွှေကုန်း၊ ကထီးဝ၊ အင်းပြားရွာအနီးဝန်းကျင်ရှိ တဲများကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး လောင်းမင်းဘ၊ ပဒတ်ချောင်းဘက်သို့ စစ်ကြောင်းဆက်ထိုးလာသဖြင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ကင်းရှေ့၊ စော်ဖျား၊ မိုးရွှေကုန်း၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ အင်းပြား၊ ကထီးဝ၊ လောင်းမင်းဘ၊ ပဒတ်ချောင်းစသည့် ရွာများကို ဖြန့်ကျက်စစ်ကြောင်းထိုးနေပြီး ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းသည် သရက်ချောင်းမြို့နယ်အထက်ပိုင်းကို ဩဂုတ်လ ၁၀ ရက်၊ ၁၂ ရက်များတွင် အင်အားအလုံးအရင်းဖြင့် ဖြန့်ကျက်ကာ စစ်ကြောင်းထိုးနေပြီး ဒေသခံအချို့ကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။
စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသည့် ကင်းရှေ့ရွာသားတစ်ဦး စော်ဖျားရွာတွင် ပစ်သတ်ခံခဲ့ရသေးသည်။







