ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်ဒေသခံများ လှူဒါန်းသည့်ပစ္စည်းများ ရေဘေးသင့်လေးမျက်နှာမြို့သို့ ပို့ဆောင်

August 17, 2026

Photo - Tanintharyi Region Emergency Rescue&Ambulance

လေးမျက်နှာမြို့ ရေဘေးအတွက် ထားဝယ်မြို့သူမြို့သားများနှင့် ဒေသခံပြည်သူများ လှူဒါန်းပေးခဲ့ကြသည့် ထောက်ပံ့ရေးပစ္စည်းများကို ယနေ့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်းထံမှ သိရသည်။

ရေဘေးကူညီထောက်ပံ့ရေးပစ္စည်းများတွင် ဆန်အိတ် ၁၅၀၊ အဝတ်အထည်၊ စားသောက်ကုန်ပစ္စည်းများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ ပါဝင်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်း တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။

လေးမျက်နှာ ရေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ပေးရန်အတွက် ထားဝယ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၏ စုပေါင်းလှူဒါန်းမှုမှာ စုစုပေါင်း ငွေကျပ် သိန်း ၂၀၀ ကျော် ရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို ထားဝယ်ဒေသအခြေစိုက် ပရဟိတအသင်းအဖွဲ့များဖြစ်သည့် တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်း၊ ဒါနကြည်ဖြူ၊ ဆာမူထော၊ မြတ်ပါရမီနှင့် ဂရုဏာမေတ္တာရှင်အသင်းတို့ ပူးပေါင်းပြီး ကားများဖြင့် သွားရောက်ပို့ဆောင် နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တွင် စေတနာ့ဝန်ထမ်း အယောက် ၃၀ ကျော် လိုက်ပါသွားခဲ့ပြီး ၎င်းတို့အနက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင် အယောက် ၂၀ သည် ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် ထာဝရအလင်းတန်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် ပူးပေါင်းကာ လေးမျက်နှာမြို့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ဆက်လက်ကူညီဆောင်ရွက်ရန် ကျန်ရစ်မည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ အရေးပေါ်ကယ်ဆယ်ရေးနှင့် ပရဟိတအသင်းများကလည်း လေးမျက်နှာ ရေဘေးသင့်ဒေသခံများထံ သွားရောက်၍ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ရှိ ငဝန်မြစ်ရေကာတာသည် ပေ ၂၀ ခန့် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဧရာဝတီတိုင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ရေဝင်ရောက်ခဲ့သည်။