ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က ချောင်းလမုရွာဝန်းကျင်ကို ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်

August 17, 2026

တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာအုပ်စု၊ (ဒေသအခေါ်) စံပြရွာကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

သြဂုတ်လ ၁၃ ရက်နေ့က စံပြရွာကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်း နှစ်စီးဖြင့် တိုက်ခိုက်ရာ ဗလီကျောင်းနှင့် မီးစက်ရုံအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်သည် ဘုရားဝတ်ပြုရန် ရောက်ရှိနေခြင်းဖြစ်ပြီး ဗလီကျောင်းအနီးသို့ ကျသည့် ကာမီကာဇေဒရုန်းအစထိမှန်၍ ခြေထောက်တွင် ဒဏ်ရာရသွားကြောင်း ၎င်းက ဆိုသည်။

“ဒရုန်းက သိန်းခွန်းဘက်က လွှတ်လိုက်တာလို့တော့ ယူဆထားတယ်။ မောတောင်သိမ်းပြီးနောက် (စစ်အာဏာရှင်တပ်က) ပထမဆုံး ဒီဘက်မှာ အသေခံဒရုန်းသုံးတာ ဖြစ်တယ်” ဟု အထက်ပါ နီးစပ်သူက ပြောသည်။

ကာမီကာဇေဒရုန်းသည် ပစ်မှတ်ဆီသို့ တိုက်ရိုက်ပျံသန်းပြီး မိမိကိုယ်ကို ဖောက်ခွဲပစ်သည့် လေကြောင်းတိုက်ခိုက်ရေး ဒရုန်းဖြစ်သည်။

ဒရုန်းနောက်တစ်စီးမှာ မီးစက်ရုံအနီးသို့ ကျရောက်ခဲ့သော်လည်း ထိခိုက်မှု မရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

စံပြရွာသည် ချောင်းလမုရွာအနီးတွင် တည်ရှိပြီး စစ်ဘေးရှောင်များ စုပေါင်း၍ တော်လှန်ရေးကာလအတွင်း ရွာသစ်တည်ထားခြင်း ဖြစ်ကာ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ကျောင်းနှင့် ဗလီကျောင်းတို့ ရှိပြီး လူဦးရေ ရာချီ နေထိုင်သည့်ရွာဖြစ်သည်။

ဓာတ်ပုံ – မြေပြင်ပေးပို့