ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီမြို့နယ်ရှိ တောင်သူများ ဒူးရင်းသီး ဈေးကောင်းရသော်လည်း အမြတ်မကျန်

August 15, 2026

တနင်္သာရီမြို့နယ်ဝန်းကျင် ရွာများရှိ တောင်သူများသည် ဒူးရင်းသီး ဈေးကောင်းရသော်လည်း သယ်ယူစရိတ်နှင့် ဂိတ်ကြေးများ ဈေးတက်လာသဖြင့် အမြတ်မကျန်ကြောင်း တောင်သူများထံမှ သိရသည်။

ဇွန်လလယ်မှစ၍ ဩဂုတ်လအထိ ဒူးရင်းသီး သီးလေ့ရှိကြောင်း၊ ယခုနှစ်တွင် ဒူးရင်းသီး ဈေးကောင်းရသော်လည်း မြိတ်မြို့သို့ တင်ပို့ရာတွင် ကားခနှင့် ဂိတ်တွင် ပေးဆောင်ရသည့် ငွေပမာဏ များလာသဖြင့် အမြတ်မကျန်ကြောင်း တပ်ဦးရွာ ဒူးရင်းသီးခြံပိုင်ရှင်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ်တွင် ဒူးရင်းသီး အကြီးတစ်လုံးကို ၁၅,၀၀၀ ကျပ် ဝန်းကျင်မှ ယခုနှစ်တွင် ကျပ် နှစ်သောင်းဝန်းကျင်နှင့် အငယ်တစ်လုံးကို ၅,၀၀၀ ကျပ်မှ ၉,၀၀၀ ကျပ်အထိ ဈေးရကြောင်း ၎င်းက ဆိုသည်။

“ဒူးရင်းသီးကို အရင်ကတည်းက ဘိတ် (မြိတ်) ပို့တယ်။ အခုက ကားခဈေးကြီးပြီး အရင်နှစ်ကထက် သုံးဆပိုပေးရတယ်။ လမ်းမှာရှိသမျှ ဂိတ်ကြေးတွေလည်း ပေးရတယ်” ဟု အထက်ပါ ခြံပိုင်ရှင်က ပြောသည်။

တနင်္သာရီမြို့ဝန်းကျင်ရှိ ဘန်းသဲရွာ၊ တပ်ဦးရွာ၊ အောက်ကင်းရွာ၊ အော်ကြီးရွာ၊ လယ်တောင်ယာရွာနှင့် တမုတ်ချုံးရွာတို့တွင် ဒူးရင်းသီးနှင့် မင်းဂွတ်သီးများကို ဥယျာဉ်ခြံများထဲတွင် အများဆုံး စိုက်ပျိုးလေ့ရှိပြီး မြိတ်မြို့သို့ တင်ပို့ရောင်းချကြကြောင်း ဒေသခံများက ဆိုသည်။

ဒူးရင်းသီး ရာသီသိမ်းချိန်တွင် ပြီးခဲ့သည့်နှစ်က အမြတ်ငွေ ကျပ်သိန်း ၂၀ (၂,၀၀၀,၀၀၀ ကျပ်) ကျန်သော်လည်း ယခုနှစ်တွင် ကျပ် ၁၅ သိန်း (၁,၅၀၀,၀၀၀ ကျပ်) သာ ကျန်တော့ကြောင်း ဘန်းသဲရွာ ခြံပိုင်ရှင်တစ်ဦးက ဆိုသည်။

“အထွက်နှုန်းက အတူတူလောက်ပဲ ထွက်တယ်။ အရင်နှစ်ကနဲ့ စာရင် ရောင်းအားတော့ တက်လာတယ်။ သိပ်မကျန်ဘူး” ဟု အထက်ပါ ခြံပိုင်ရှင်က ပြောသည်။

မင်းဂွတ်သီးမှာ ယခုနှစ်တွင် အထွက်နှုန်းများသော်လည်း ဈေးနှုန်း မပြောင်းလဲကြောင်းနှင့် ကြက်မောက်သီးများမှာ ဒေသအတွင်း ရောင်းချ၍ ကုန်သဖြင့် မြို့သို့ တင်ပို့ခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။