အင်ဒိုနီးရှားနိုင်ငံတွင် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနများအရ သိရသည်။
ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုသည် အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Flores ကျွန်းအနီး East Nusa Tenggara ပြည်နယ်တွင် မြေအောက်အနက် ၁၅ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ငလျင်သည် နံနက်ပိုင်း လူအများ အိပ်ပျော်နေချိန် လှုပ်ခတ်ခဲ့သဖြင့် နေအိမ်အတွင်း အိပ်ပျော်နေသူ အများစု သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များက ပြောသည်။
ငလျင်ကြောင့် လမ်းပိတ်ဆို့မှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး အပျက်အစီးများအောက် ပိတ်မိပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
ငလျင် လှုပ်ခတ်ပြီးနောက် ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ နောက်ဆက်တွဲ ငလျင်များလည်း ဆက်တိုက် လှုပ်ခတ်ခဲ့ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း သုံးနာရီအကြာတွင် ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း ဖော်ပြသည်။





အဆိုပါ ငလျင်လှုပ်ခတ်မှုကို ကျွန်းပေါ်ရှိ ပြည်သူ ၅ သိန်းခန့်အထိ တိုက်ရိုက် ခံစားခဲ့ရကြောင်း သတင်းများက ဖော်ပြသည်။
ငလျင်ဒဏ်သင့်ဒေသရှိ ပြည်သူ သောင်းနှင့်ချီကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး ပျက်စီးနေသော အဆောက်အအုံများအတွင်းသို့ မဝင်ရောက်ကြရန် အာဏာပိုင်များက တားမြစ်ထားသည်။
အင်ဒိုနီးရှားနိုင်ငံသည် ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၂၇၀ သန်းကျော် နေထိုင်ကာ ပစိဖိတ်မီးကွင်းဒေသ (Pacific Ring of Fire) ပြတ်ရွေ့ကြောများပေါ်တွင် တည်ရှိသဖြင့် ငလျင်လှုပ်ခတ်မှု အများဆုံး ကြုံတွေ့ရလေ့ရှိသည့် နိုင်ငံဖြစ်သည်။
Ref: BBC, Al Jazeera, CNA







