မန်ယူနည်းပြ မိုက်ကယ် ကာရစ် ဟာ လက်ရှိ နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းခင်မှာ ကစားသမားသစ် သုံးယောက် ခေါ်ယူနိုင်အောင် အသင်းတာဝန်ရှိသူတွေဆီ တင်ပြတောင်းဆိုထားတယ်လို့ Sky Sports က ဖော်ပြထားပါတယ်။
မန်ယူဟာ လက်ရှိမှာတော့ လိဒ်စ်ယူနိုက်တက် ဂိုးသမား ကားလ် ဒါလိုး၊ အက်စတွန်ဗီလာ ကွင်းလယ်လူ တိုင်လီမန်းစ် နဲ့ ချယ်လ်ဆီးကွင်းလယ်ခံစစ် ကစားသမား အန်ဒရေး ဆန်းတို့စ် တို့ကို ခေါ်ယူထားပြီးပြီဖြစ်ပါတယ်။
မန်ယူရဲ့နွေဈေးကွက်အသုံးစရိတ်က ယူရို ၉၇ ဒသမ ၃ သန်း ရှိထားပြီဖြစ်သလို အငှားစေလွှတ်ထားတဲ့ ဟွိုက်ဂျ်လန်း၊ ရတ်ရှ်ဖို့ဒ် နဲ့ ဆန်ချို တို့ဟာလည်း အသင်းဆီ ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။
နည်းပြ ကာရစ် က ရတ်ရှ်ဖို့ဒ် ကို အခွင့်အရေးတွေ ထပ်ပေးဖို့ ကတိပြုပြောကြားနေပေမယ့် ဆန်ချို နဲ့ ဟွိုက်ဂျ်လန်းတို့အတွက်တော့ ဘာမှတ်ချက်တစ်ခုမှ ပေးမထားတာ မြင်တွေ့ရပါတယ်။
လက်ရှိမှာ ကတ်စ်မဲရိုးရဲ့ကွက်လပ်ကို အစားဖြည့်ဖို့အတွက် ထိပ်တန်းအဆင့် ကွင်းလယ်ကစားသမားတစ်ယောက် ကာရစ် က လိုချင်နေပြီး ခံစစ်မှူးတစ်ယောက်နဲ့ တိုက်စစ်မှူးတစ်ယောက် ထပ်ခေါ်ခွင့်ရနိုင်အောင်လည်း သူက ကြိုးပမ်းနေပါတယ်။
လက်ရှိမှာ ဘယ်လ်ဂျီယံကလပ် ဘရုဂေးရဲ့ အသက် ၂၁ နှစ်အရွယ် ဂျာမနီတိုက်စစ်မှူး ထရီဆောလ်ဒီ ကို ပြောင်းရွှေ့ကြေးပမာဏ ယူရို ၂၅ သန်းလောက်နဲ့ ခေါ်ယူနိုင်အောင် မန်ယူက ကြိုးစားနေပါတယ်။
“ကစားသမားသစ်တွေ ထပ်ခေါ်ဦးမှာပါ။ ကျွန်တော်တို့ ဈေးကွက်ကို လေ့လာနေဆဲပဲဖြစ်ပါတယ်။ အလောတကြီးခေါ်ယူတာမျိုးတော့ မလုပ်ချင်ပါဘူး။ ကျွန်တော် ခေါ်ယူခွင့်ရချင်တဲ့ ကစားသမားတချို့ကို အသင်းတာဝန်ရှိသူတွေဆီ တင်ပြထားပါတယ်။ အနည်းဆုံးအဖြစ် ၃ ယောက်လောက် ထပ်ခေါ်နိုင်ဖို့ကို ကျွန်တော် အလိုရှိပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရဖို့ပဲ ရှိမှာပါ”လို့ နည်းပြ ကာရစ်က ပြောကြားထားပါတယ်။







