စီရော်နယ်ဒို နဲ့ ဂျီအော်ဂျီနာ တို့ဟာ လစ္စဘွန်းမြို့အနားက ယူရို သန်း ၃၀ တန်ကြေးရှိတဲ့ သူတို့ရဲ့ ဇိမ်ခံစံအိမ်ကြီးမှာ သက်သေ ၄ ယောက်နဲ့ သားသမီးတွေရဲ့ရှေ့မှောက် တိတ်တဆိတ် လက်ထပ်ထိမ်းမြားလိုက်ကြတယ်လို့ Daily Mail Sports က ရေးသားထားပါတယ်။
အင်္ဂါနေ့ နေ့လယ် ၁ နာရီခွဲက ကျင်းပခဲ့တဲ့ ဒီ ရိုးရိုးရှင်းရှင်း မင်္ဂလာအခမ်းအနားဆီကို စီရော်နယ်ဒိုရဲ့ အမေ ဒိုလိုရက်စ် အာဗေရို နဲ့ မောင်နှမသုံးယောက်ဖြစ်တဲ့ ဟူဂို၊ အယ်လ်မာ နဲ့ ကာတီယာတို့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
မင်္ဂလာပွဲအတွက် သက်သေတွေအဖြစ် ဂျီအော်ဂျီနာရဲ့ ညီမ အီဗာနာ၊ စီရော်နယ်ဒိုရဲ့ ရင်းနှီးသည့် မိတ်ဆွေဟောင်း မီဂူယ် ပက်ဇောင်၊ စပိန်လူမျိုးဇနီးမောင်နှံဖြစ်သည့် ဟိုဆေး ရိုဒရီဂွက်ဇ် ဆန်ဂေးလ်နဲ့ သူ့ရဲ့ဇနီး မိုနီကာ ဂွန်ဇာလက်ဇ် မာတီနက်ဇ်တို့ပဲ တက်ရောက်ခဲ့ကြပါတယ်။
ပေါ်တူဂီနိုင်ငံမြောက်ပိုင်း ပေါ်တိုမြို့ကနေ အထူးဧည့်သည်အဖြစ် ရောက်ရှိလာခဲ့တဲ့ မှတ်ပုံတင်အရာရှိ မာရီယာ မန်နျူရယ်လ် ဖာရိုင်ရာ ဒီ ကမ်းပို့စ် ဖိုလ်ဟာဒီလာ ဒီ အိုလီဗီယာ က ဒီမင်္ဂလာပွဲကို တရားဝင် လက်ထပ်ထိမ်းမြားပေးဖို့အတွက် ကက်စကိုအစ်မြို့ဆီကို သွားရောက် ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။
ဆယ်နှစ်ကျော်ကြာ အတူနေချစ်သူဘဝကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် အခုလို တရားဝင် လက်ထပ်လိုက်ကြပေမယ့် ဇနီးမောင်နှံနှစ်ယောက်ဟာ အိမ်ထောင်ရေးပိုင်ဆိုင်မှုတွေကို သီးသန့်စီ ခွဲခြားထားရှိဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
သူတို့နှစ်ယောက်ဟာ မင်္ဂလာပွဲမကျင်းပခင် တစ်ရက်အလို ဩဂုတ်လ ၁၀ ရက်နေ့က လစ္စဘွန်းမြို့မှာရှိတဲ့ အများပြည်သူဆိုင်ရာ မှတ်ပုံတင်ရုံးမှာ ပိုင်ဆိုင်မှုခွဲဝေရေးဆိုင်ရာ ကြိုတင်သဘောတူစာချုပ် ကို ချုပ်ဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
စီရော်နယ်ဒို နဲ့ ဂျီအော်ဂျီနာတို့ဟာ ဩဂုတ်လ ၁၁ ရက်နေ့က ကက်စကိုအစ်မြို့မှာ မင်္ဂလာလက်စွပ်ဝတ်ဆင်ထားတဲ့ ပုံတွေကို ဆိုရှယ်လူမှုကွန်ရက်မီဒီယာတွေထက်ဆီ လွှင့်တင်ဖော်ပြကာ သူတို့နှစ်ယောက် လက်ထပ်ထိမ်းမြားလိုက်ပြီဆိုတာကို အတည်ပြုခဲ့ကြပါတယ်။
ဒါပေမဲ့ မင်္ဂလာပွဲကျင်းပတဲ့ နေရာအတိအကျနဲ့ ဒီမင်္ဂလာပွဲဆီ ဘယ်သူတွေ တက်ရောက်ခဲ့တယ်ဆိုတာကိုတော့ အစောပိုင်းမှာ စီရော်နယ်ဒိုနဲ့ ဂျီအော်ဂျီနာတို့က ထုတ်ဖော်ပြောကြားတာမျိုး မရှိခဲ့ပါဘူး။
ဒီနေ့ရောက်မှပဲ ပေါ်တူဂီ နာမည်ကြီးသတင်းစာ Jornal de Noticias က မင်္ဂလာလက်ထပ်စာချုပ် မိတ္တူကို ထုတ်ဖော်ပြသလိုက်ရာကနေတစ်ဆင့် ဒီမင်္ဂလာပွဲကို ကက်စကိုအစ်မြို့ဆီက Quinta da Marina အဆင့်မြင့်ရပ်ကွက်မှာရှိတဲ့ စီရော်နယ်ဒိုရဲ့ ကြီးမားလှတဲ့ ဇိမ်ခံအိမ်ကြီးထဲမှာ ကျင်းပခဲ့တာဖြစ်တယ်လို့ သိလိုက်ရတာဖြစ်ပါတယ်။
စာချုပ်ထဲမှာ အသက် ၄၁ နှစ်အရွယ် စီရော်နယ်ဒိုရဲ့နာမည်အပြည့်အစုံ၊ မွေးရပ်မြေ နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ရဲ့ဖခင်ဖြစ်သူ ဂျော့ခ်ျ ဒီနစ် ရဲ့နာမည်တွေကို ဖော်ပြထားသလို အာဂျင်တီးနားနိုင်ငံ၊ ဘျူနိုအေရိစ်မြို့မှာ မွေးဖွားခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် ဂျီအော်ဂျီနာ လူးဝစ်ဇ် ရိုဒရီဂွက်ဇ် ဟာနန်ဒက်ဇ် ရဲ့ အချက်အလက်တွေလည်း အတိအကျ ပါရှိလာခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ လက်ထပ်ပြီးရင်လည်း ဒီနာမည်တွေကိုပဲ ဆက်လက်သုံးစွဲသွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်။
လက်ထပ်စာချုပ်ကို ကက်စကိုအစ်မြို့ရဲ့မှတ်ပုံတင်ရုံးမှာ မဟုတ်ဘဲ ပေါ်တိုမြို့ရဲ့ မှတ်ပုံတင်ရုံးမှာ စာရင်းနံပါတ် ၁,၄၉၃ နဲ့ မှတ်တမ်းတင်ထားပါတယ်။
လက်ရှိမှာတော့ စီရော်နယ်ဒို နဲ့ ဂျီအော်ဂျီနာတို့ဟာ ရာသီသစ်ပွဲစဉ်တွေ မစခင် ဆော်ဒီအာရေဗျနိုင်ငံဆီကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။







