၂၀၁၅ ခုနှစ်တုန်းက ချယ်လ်ဆီး နဲ့ ဆွမ်ဆီး တို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ပွဲစဉ်မှာ ဟားဇတ် ဒဏ်ရာရသွားလို့ ဒေါက်တာ အီဗာ ကာနီရို နဲ့ ဂျွန် ဖီယာန် တို့ ကွင်းထဲသို့ ဝင်ရောက်ကုသပေးလိုက်ချိန်မှာ နည်းပြ မော်ရင်ညိုက ဒေါသတကြီးနဲ့ ဆဲဆိုကြိမ်းမောင်းခဲ့တာကို အားလုံး မှတ်မိကြဦးမှာပါ။
မော်ရင်ညို ဟာ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေါက်တာ အီဗာ ကာနီရို ကို ‘အသွက်လွန်ပြီး အတွေ့အကြုံနုနယ်သူ’ လို့ ဝေဖန်ခဲ့လို့ ပြဿနာတွေ ဖြစ်ပွားခဲ့ကာ နောက်ပိုင်းမှာ ခုံရုံးရောက်တဲ့အထိ အကျယ် အကျယ် မငြိမ်းဖွယ်တွေ ဖြစ်ခဲ့ရပါတယ်။
ဒီဖြစ်စဉ်ဟာ Netflix က တင်ဆက်လိုက်တဲ့ ‘MOURINHO’ မှတ်တမ်းရုပ်ရှင်သစ်မှာ ပါဝင်လာခဲ့ပြီး ဒေါက်တာ အီဗာ ကာနီရို ကတော့ ဒီကိစ္စအတွက် သူ့ကို အခုအချိန်ထိ ဝန်ချတောင်းပန်တာမျိုး မလုပ်ဘဲ ဒီဇာတ်လမ်းကို အရင်းတည်ပြီး ငွေထပ်ရှာနေလို့ စိတ်ပျက်ရကြောင်း Daily Mail Sports ကို ဖြေကြားသွားခဲ့ပါတယ်။
မော်ရင်ညို ဟာ အဲ့ဒီတုန်းက ဒေါက်တာ အီဗာ ကာနီရို ကို ပေါ်တူဂီဘာသာစကားနဲ့ ဆဲဆိုလိုက်တာဖြစ်ပြီး အဲ့ဒီလုပ်ရပ်အတွက် အခုအချိန်ထိ လုံးဝမတောင်းပန်ဘဲ မှတ်တမ်းရုပ်ရှင်ထဲမှာလည်း သူ့လုပ်ရပ်ကို ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။
မှတ်တမ်းရုပ်ရှင်ထဲမှာ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ မော်ရင်ညိုရဲ့ပြောကြားချက်တွေကို ဒေါက်တာ အီဗာ ကာနီရို က “၁၁ နှစ်ကြာပြီးတဲ့နောက်မှာလည်း မပြောင်းလဲပါဘူး။ အရင်တုန်းကအတိုင်း အဆိုးရွားဆုံး အဖြစ်အပျက်တွေကို ကျွန်မအနေနဲ့ နောက်တစ်ခါ ပြန်လည် ကြုံတွေ့လိုက်ရတယ်လို့ပဲ ခံစားမိပါတယ်။ ဒီဇာတ်လမ်းကနေ သူတို့တွေ ငွေအမြတ်အစွန်း မြိုးမြိးမြက်မြက် ရသွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး X(Twitter)မှာ စာရေးသားလွှင့်တင် တုံ့ပြန်သွားခဲ့ပါတယ်။
“အရာရာက ရိုးရိုးရှင်းရှင်း ပါပဲ။ ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာ က ကျွန်မတို့ကို ကွင်းထဲဝင်ရောက်ကုသပေးဖို့အတွက် နှစ်ကြိမ်တိုင် ခေါ်ခဲ့ပါတယ်။ ကစားသမား ဟားဇတ် ကိုယ်တိုင်ကလည်း ဆေးဘက်ဆိုင်ရာ အကူအညီကို နှစ်ကြိမ်တိုင် တောင်းခံခဲ့တာပါ။ ဒီအချိန်မှာ ဆေးပညာပညာရှင်တစ်ယောက်အနေနဲ့ ကျွန်မ လိုက်နာရမှာက တာဝန်နဲ့ ဝတ္တရားပဲ ရှိပါတယ်”လို့ ဒေါက်တာ အီဗာ ကာနီရို က ရှင်းပြခဲ့ပါတယ်။
မှတ်တမ်းရုပ်ရှင်ထဲမှာ နည်းပြ မော်ရင်ညို က “အမျိုးသမီးဆရာဝန်ပဲ ဖြစ်ဖြစ်၊ အမျိုးသားဆရာဝန်ပဲ ဖြစ်ဖြစ် ကျွန်တော့်အတွက်က အတူတူပါပဲ။ ဒါကြောင့် ကျွန်တော် မကျေနပ်တဲ့အခါ အမြဲသုံးနေကျ စကားလုံးတွေကိုပဲသုံးပြီး ပြောလိုက်တာပါ။ ဘောလုံးယဉ်ကျေးမှု၊ ဘောလုံး DNA ရှိတဲ့သူတွေက ဒါမျိုးကို တစ်စက္ကန့်အတွင်း ကျော်ဖြတ်နိုင်ကြပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာတော့ အရာရာက ကွဲပြားသွားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဟားဇတ် ကတော့ “ဘာမှ အထူးတလည် ကြီးကြီးမားမား မဟုတ်ခဲ့ပါဘူး။ဒါပေမဲ့ ဟိုဆေးနဲ့ဆိုရင်တော့ ဘယ်ကိစ္စမဆို သေးသေးလေးဖြစ်နေရင်တောင် ပိုပြီး ကြီးသွားတတ်ပါတယ်” လို့ မှတ်တမ်းရုပ်ရှင်မှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကို ဂျွန်တယ်ရီ က အသင်းသားတွေနဲ့ ဝန်ထမ်းတွေအကြားမှာ နည်းပြ မော်ရင်ညို က အရမ်းကြီး ပြင်းထန်တဲ့ ဒဏ်ရာမျိုးမဟုတ်ဘူးဆိုရင် ဆေးအဖွဲ့ကို ကွင်းထဲ မဝင်ခိုင်းချင်ဘူးလို့ နဂိုကတည်းက သဘောတူညီချက် ရယူထားပြီးသားဖြစ်တယ်လို့ မှတ်တမ်းရုပ်ရှင်ထဲမှာ မော်ရင်ညိုဘက်က ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။
မော်ရင်ညို ကို ကာကွယ်သွားခဲ့တဲ့ ဂျွန်တာရီရဲ့စကားတွေကိုတော့ ဒေါက်တာ အီဗာ ကာနီရို က “ကျွန်မတို့ဟာ ဆေးဘက်ဆိုင်ရာ-ဥပဒေရေးရာ ကျင့်ဝတ်သိက္ခာတွေနဲ့ တင်းတင်းကျပ်ကျပ် ရပ်တည်ရတဲ့သူတွေပါ။ တကယ်ပြောရရင်တော့ ဂျွန်တာရီအနေနဲ့ ဘောလုံးစည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်လေ့လာသင်ယူဖို့ လိုပါလိမ့်မယ်။ အချိန်တွေလည်း အရမ်းကြာခဲ့ပြီလေ သူငယ်ချင်းရာ”လို့ တုံ့ပြန်သွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ဒေါက်တာ အီဗာ ကာနီရို ဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာရတဲ့အထိ ဖြစ်သွားခဲ့ပြီး ဒါကို မကျေနပ်လို့ ကျားမ ခွဲခြားဆက်ဆံခံရမှု၊ အတင်းအကျပ် နုတ်ထွက်ဖို့ ဖိအားပေးခံရမှု စတဲ့စွဲချက်တွေနဲ့ ဒေါက်တာ အီဗာ ကာနီရို က ခုံရုံးမှာ အမှုစွဲဆိုခဲ့ပါတယ်။
တရားရင်ဆိုင်မှုတွေမှာ ချယ်လ်ဆီးအသင်းက ဒေါက်တာ အီဗာ ကာနီရို ကို ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ နှုတ်ပိတ်နေပေးဖို့အတွက် နှုတ်ပိတ်ခ ပေါင် ၁ ဒသမ ၂ သန်း အထိ ကမ်းလှမ်းခဲ့ဖူးတယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွက် ချယ်လ်ဆီအသင်းဘက်က ဒေါက်တာ အီဗာ ကာနီရို ကို လူသိရှင်ကြား တောင်းပန်ခဲ့ပေမယ့် မော်ရင်ညိုကတော့ ဒီနေ့ထိတိုင် တောင်းပန်စကားပြောဖို့ ငြင်းဆန်နေဆဲပဲဖြစ်ပါတယ်။







