ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဖခင် ကွယ်လွန်ပြီးနောက် ကစားသမားဘဝ အဆုံးသတ်ဖို့ မက်ဆီ အလေးအနက်ထား စဉ်းစားလာ

August 13, 2026

အင်တာမိုင်ယာမီအသင်းနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းတို့ရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ မက်ဆီဟာ ဖခင်ဖြစ်သူ ကွယ်လွန်သွားတာနဲ့ပတ်သက်လို့ သူ့ခံစားချက်တွေကို စာတစ်စောင် ရေးသားခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ လွှင့်တင်ကာ အသိပေးသွားခဲ့ပါတယ်။

ဒီစာထဲက စကားအသွားအလာတွေအရ မက်ဆီဟာ ကစားသမားဘဝကနေ အနားယူဖို့ အရမ်းပဲ နီးစပ်သွားပြီဆိုတာ သိရှိလိုက်ရပြီး အခုအချိန်မှာ သူ့အနေနဲ့ ရှေ့ဆက်ဖို့အတွက် ခွန်အားမရှိတော့သလို ခံစားနေရပြီလို့တောင် မက်ဆီက ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း သူ့အဖေရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတဲ့ သတင်းတွေကြောင့် မက်ဆီဟာ စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အယ်လ်ဂျီးရီးယားနဲ့ ပွဲစဉ်ပြီးဆုံးချိန်ကိုရောက်တော့ မက်ဆီက ကွင်းထဲမှာတင် မျက်ရည်ကျခဲ့ရတဲ့အထိ ဖြစ်သွားခဲ့ဖူးပါတယ်။

အဖေဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက် စိတ်ဝမ်းနည်းကြေကွဲမှုတွေကို လဲပြိုသွားမတတ် ခံစားနေရတယ်လို့ မက်ဆီက အသိပေးလိုက်ပြီး ဘောလုံးကစားသမားဘဝ ဆက်လက်ဖြတ်သန်းဖို့အတွက် အားအင်မရှိတော့သလိုတောင် ခံစားနေရပြီလို့ မက်ဆီက အသိပေးထားပါတယ်။

“ဖေဖေက အရမ်းကိုပဲ စောစောစီးစီး ထွက်သွားခဲ့ပါပြီ။ ကျွန်တော်တို့နှစ်ယောက် အတူတူ ပျော်စရာတွေ၊ ဖန်တီးစရာ၊ ခံစားစရာတွေ အများကြီး ကျန်သေးတာလေ။ အဖေ မရှိတော့ဘူးဆိုတော့ ကျွန်တော် ဘာဆက်လုပ်ရမယ်မှန်း မသိတော့ပါဘူး။ ရှေ့ဆက်ဘယ်လို သွားရမလဲဆိုတာတောင် မသိတော့လောက်အောင်ကို ကျွန်တော် ရပ်တန့်နေမိပါပြီ။ ကျွန်တော် သိတာဆိုလို့ ဘောလုံးကစားတာ တစ်ခုတည်းပဲ ရှိပါတယ်။ ဒါပေမဲ့ အခုတော့ ဒီထက်ပိုပြီး အကြာကြီး ဆက်ကစားသွားနိုင်ပါဦးမလားဆိုတာလည်း ကြီးမားတဲ့ သံသယတွေ ဝင်လာပါပြီ” လို့ မက်ဆီက သူ့စာထဲမှာ ထည့်ရေးသားခဲ့ပါတယ်။

ဖခင် ကွယ်လွန်တာကို အမှန်တရားအဖြစ် လုံးဝ လက်မခံချင်သေးသလို ယုံလည်း မယုံကြည်သေးဘူးလို့လည်း ရေးသားထာပါတယ်။