ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စက်တင်ဘာ ၁၉ မှာ ဂျိုရှူအာဗန်နဲ့ ပန်တိုဂျာတို့ မကျေပွဲ နွှဲမယ်

August 6, 2026

UFC က သူ့ကို ပန်တိုဂျာ နဲ့ စိတ်မကျေပွဲ တည်ပေးလိုက်ပြီဆိုတာကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် ဂျိုရှူအာဗန်က အသိပေးလိုက်ပါတယ်။

UFC ဟာ ဂျိုရှူအာဗန် နဲ့ ပန်တိုဂျာ တို့ကို ခေါင်ပွဲအဖြစ် ပွဲတည်ပေးလိုက်တာပါ။ ဒါဟာ မြန်မာနိုင်ငံကိုယ်စားပြု ဖိုက်တာတစ်ယောက်အနေနဲ့ UFC မှာ ခေါင်ပွဲထိုးခွင့်ရတဲ့ သမိုင်းမှတ်တမ်းလည်းဖြစ်သွားခဲ့ပါတယ်။

ဂျိုရှူအာဗန် က သူ့အနေနဲ့ နောက်တစ်ပွဲထိုးဖို့ UFC နဲ့ လက်မှတ်ရေးထိုးလိုက်ပြီလို့ ထုတ်ပြောပြီးချိန်ကတည်းက ဒီပွဲဟာ ပန်တိုဂျာနဲ့ စိတ်မကျေပွဲ ထိုးရတာမျိုး ဖြစ်လာလိမ့်မယ်ဆိုပြီး UFC နဲ့ နီးစပ်တဲ့ သတင်းအသိုင်းအဝိုင်းတွေက ရေးသားနေခဲ့တာပါ။

ဂျိုရှူအာဗန် နဲ့ ပန်တိုဂျာ တို့ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ခါးပတ်လုပွဲ ထိုးခဲ့ကြပြီး အဲ့ဒီပွဲစဉ်တုန်းက ပန်တိုဂျာက ခါးပတ်ပိုင်ရှင်၊ ဂျိုရှူအာဗန်က ခါးပတ်လုပွဲ ထိုးခွင့်ရသူအဖြစ် ပွဲထိုးခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီပွဲစဉ်မှာ ပန်တိုဂျာက မထင်မှတ်ဘဲ လက်ထောက်လဲကျသွားစဉ်အခိုက် လက်အဆစ်လွဲချော်သွားလို့ ကြိုးဝိုင်းဒိုင်က ပွဲကိုရပ်နားပြီး ဂျိုရှူအာဗန်ကို အနိုင်သတ်မှတ်ပေးလိုက်တဲ့အတွက် ဂျိုရှူအာဗန်က UFC Flyweight တန်းမှာ ချန်ပီယံသစ်ဖြစ်လာခဲ့ပါတယ်။

ဂျိုရှူအာဗန် ဟာ လက်ရှိမှာတော့ ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာနဲ့ တစ်ပွဲ ထိုးပြီးခဲ့ပါပြီ။ အဲဒီပွဲစဉ်မှာ ဂျိုရှူအာဗန်က လက်ရည်အသာစီးနဲ့ ထိုးပြီး တက်ဆူရိုတိုင်ရာကို ပွဲချီငါးချီမြောက်အရောက်မှာ အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဂျိုရှူအာဗန်နဲ့ ပန်တိုဂျာတို့ဟာ UFC 331 ရဲ့ခေါင်ပွဲအဖြစ် ထိုးကြမှာပါ။ အခုတစ်ကြိမ်မှာတော့ ဂျိုရှူအာဗန်က ခါးပတ်ပိုင်ရှင်၊ ပန်တိုဂျာက စိန်ခေါ်သူအဖြစ် ထိုးကြမှာဖြစ်ပါတယ်။ UFC 331 ပြိုင်ပွဲကြီးကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကျင်းပမှာဖြစ်ကြောင်းလည်း UFC က အသိပေးထားပါတယ်။