ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘောလုံကစားနေရင်း မိုးကြိုးပစ်ခံရလို့ ထိုင်းဘောလုံးသမား သေဆုံး၊ အများအပြား ဒဏ်ရာရ

August 5, 2026

အင်္ဂါနေ့တုန်းက ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်မှာ ကျင်းပခဲ့တဲ့ ပွဲစဉ်တခုထဲမှာ မိုးကြိုးပစ်ခံရလို့ ထိုင်း ဘောလုံးသမားတစ်ယောက် သေဆုံးပြီး နောက်ထပ် ကိုးယောက် ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရှိရပါတယ်။

Golok FA Cup 2026 ဒေသတွင်း ပြိုင်ပွဲကို စုငိုင်ကိုလွတ်ခ် စည်ပင်သာယာနယ်မြေထဲက ဆန်တီပတ်ကွင်းမှာ ကျင်းပနေတာဖြစ်ပြီး ထိုင်းနဲ့ မလေးရှားနိုင်ငံတို့က ဒေသခံနဲ့ အဖွဲ့စုံအသင်းတွေ ပါဝင်ယှဉ်ပြိုင်နေတာပါ။

ဆမ်ကော့ခ်စ် နဲ့ အဘူ အိတ်ခ် နောင်ဆီရင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ပွဲစဉ်မှာ ဒီအအဖြစ်အပျက်ဖြစ်ပွားခဲ့တာဖြစ်ပြီး ပွဲကစားနေစဉ်အခိုက် ညနေ ၅ နာရီလောက်မှာ မိုးစရွာခဲ့တာ ဖြစ်ပါတယ်။

အွန်လိုင်းပေါ် တင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ ဘောလုံးကွင်းထဲမှာ တောက်ပတဲ့ လျှပ်စီးကြောင်းတစ်ခု လင်းလက်သွားပြီး ကစားသမား အများအပြား ကွင်းအတွင်း လဲကျသွားခဲ့ပါတယ်။

အသက်ဆုံးရှုံးသွားခဲ့ရသူကတော့ ဆမ်ကော့ခ်စ်အသင်းအတွက် ပါဝင်ကစားပေးနေတဲ့ ထိုင်း တတိယတန်း ကလပ် ယာလာအက်ဖ်စီရဲ့ ကစားသမားသစ် အသက် ၂၄ နှစ်အရွယ် ဆော့ဖ်ဝန် အေဝီး ဖြစ်ပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာပဲ အသင်းဖော်ကစားသမားတွေက သူ့ကို အသက်ပြန်ကယ်ဖို့ ကြိုးပမ်းပေးခဲ့ကြပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။

ဒဏ်ရာရရှိသွားခဲ့တဲ့ ကစားသမား ကိုးယောက် ကို ဆန်းဂိုင်းကိုလော့ခ်ဆေးရုံဆီ တင်ပို့ပေးခဲ့ပြီး လက်ရှိအချိန်ထိ ဒီကစားသမား ကိုးယောက်ဟာ ဆေးရုံမှာ ဆေးကုသမှု ခံနေရဆဲပဲဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် မလေးရှား ဘောလုံးသမား မိုဟာမက် အာလစ်ဖ် အက်ဇာဟန် ကတော့ သူ့ရဲ့နိုင်ငံ မလေးရှားဆီ ပြန်သွားပြီး ဆေးကုသမှု ခံယူနေပါတယ်။

ကွယ်လွန်သူ ရဲ့ မိသားစုဝင်တွေကတော့ သူတို့အပေါ် သနားငဲ့ညှာပြီး ဒီအဖြစ်အပျက်ရဲ့ ဗီဒီယို မှတ်တမ်းတွေကို အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်ကနေ ဖယ်ရှားပေးဖို့နဲ့ ထပ်ပြီး မျှဝေတာမျိုး မလုပ်ကြဖို့ အများပြည်သူဆီ တောင်းဆိုထားပါတယ်။