ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးတွင် စစ်ကြောင်းဝင်ပြီးနောက် ပျောက်နေသည့် အမျိုးသားနှစ်ဦးအတွက် မိသားစု သပိတ်သွတ်

August 5, 2026

လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ပျောက်ဆုံးနေသည့် တောင်မင်းပြောင် ကျေးရွာ ဒေသခံအမျိုးသားနှစ်ဦးအတွက် မိသားစုက သပိတ်ဆွမ်းသွတ်ကြောင်း ဒေသခံများက ပြောသည်။

အင်အားတစ်ရာကျော်ရှိသည့် စစ်ကြောင်းသည် လောင်းလုံးမြို့နယ်မြောက်ပိုင်း တောင်မင်းပြောင်ကျေးရွာသို့ ဇူလိုင်လ ၂၉ ရက်တွင် ဝင်ရောက်ခဲ့ပြီးနောက် ဒေသခံနှစ်ဦးဖြစ်သည့် ကိုမိုးနှင့် ကိုနေတိုးတို့ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကြောင်းဝင်ရောက်ချိန် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး စစ်ကြောင်း ဇူလိုင်လ ၃၀ရက်က ပြန်ထွက်ချိန်တွင် ဒေသခံများ ရွာသို့ ပြန်ဝင်လာကြသော်လည်း ကိုးမိုးနှင့် ကိုနေတိုးတို့ နှစ်ဦးမှာ ယနေ့ ဩဂုတ်လ ၅ ရက်အထိ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောဆိုသည်။

၎င်းတို့နှစ်ဦးအား စစ်အာဏာရှင်တပ်က ပစ်သတ်ပြီး အလောင်းဖျောက်သွားခဲ့သည်ဟု ယူဆကာ မိသားစုတို့က ဩဂုတ်လ ၄ ရက်တွင် သံဃာတော်များကို ပင့်ဖိတ်၍ သပိတ်ဆွမ်းသွတ်ကြောင်း မိသားစုနှင့်နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ကပဲ သပိတ်သွတ်လိုက်ကြတယ်။ မိသားစုကတော့ အခုအထိ အလောင်းရှာမတွေ့သေးဘူး” ဟု ၎င်းက ဆိုသည်။

စစ်အာဏာရှင်တပ်သည် ဇူလိုင်လ တတိယပတ်မှစ၍ လောင်းလုံးမြို့၏ မြောက်ပိုင်းကျေးရွာများသို့ စတင်စစ်ကြောင်းထိုး ခဲ့သည်။

ဇူလိုင်လ ၂၀ ရက်တွင် ဆင်ပုနစ်ကျေးရွာ၌ ကျေးလက် ကျန်းမာရေးမှူးဟောင်း ဦသူရကျော်ကို ဖမ်းဆီးခဲ့သည်။

ဇူလိုင်လ ၂၈ ရက်တွင် မြို့ဟောင်းကျေးရွာအုပ်စုသို့ ဝင်ရောက်ခဲ့ပြီး မြို့ဟောင်းရွာသား အသက် ၁၆နှစ်အရွယ် ဘိုဖြူ (ခေါ်) မောင်ဝေယံဖြိုးကို ပစ်ခတ်သတ်ဖြစ်ခဲ့သည်။

ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် စခန်းကြီးကျေးရွာအုပ်စုနှင့် ကျောက်ဆင်ကျေးရွာအုပ်စု၊ တောင်မင်းပြောင် ကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာအုပ်စုတို့ကို ထပ်မံ ဝင် ရောက်ခဲ့ပြီး နေအိမ်တစ်ဆယ်ကျော်ကိုမီးရှို့ခဲ့သေးသည်။

ယင်းအပြင် ဒေသခံများ၏ ဆိုင်ကယ်၊ ထော်လာဂျီ၊ ဘေးတွဲ ၊သုံးဘီးတို့ကိုလည်း အဓမ္မယူဆောင်ကာ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးတို့ကို ဖမ်းဆီးခဲ့သည်။

ဩဂုတ်လ ၂ ရက်နှင့် ၃ ရက်တို့တွင် မောင်းမကန်ကျေးရွာအုပ်စုနှင့် ကျောက်ဆင်ကျေးရွာအုပ်စု၊ ဩဂုတ်လ ၄ ရက်တွင် ပန်းတင်အင်းကျေးရွာအုပ်စုတို့ကို စစ်ကြောင်းထိုးခဲ့သည်။ သဘော့ဆိပ်ရွာတွင် ဒေသခံအမျိုးသားတစ်ဦးကို ပစ်ခတ်သဖြင့် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။ ယင်းအပြင် မောင်းမကန်ကျေးရွာတွင်လည်း ဒေသခံ ရှစ်ဦးကို ဖမ်းဆီးခဲ့သည်။

စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခံထားရသည့် ဒေသခံမှာ ၁၀ ကျော်ရှိပြီး ၎င်းတို့မှာ ယနေ့ ဩဂုတ်လ ၅ ရက် အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိကြသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။