လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာသို့ စစ်ကြောင်းထိုးရောက်ရှိလာသည့် စစ်အာဏာရှင်တပ်သည် ဒေသခံရှစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
အင်အားတစ်ရာဝန်းကျင်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဩဂုတ်လ ၂ ရက် နံနက်ပိုင်းတွင် ဒေသခံများကို ဖမ်းဆီးကြောင်း ၎င်းတို့က ဆိုသည်။
မောင်းမကန် ရွာလယ်ပိုင်းတွင် လက်ဖက်ရည်ဆိုင် ဖွင့်ထားသည့် နေအိမ်တစ်ဆောင်က မိသားစုဝင် သုံးဦးနှင့် မောင်းမကန် ကမ်းခြေရှိ စားသောက်ဆိုင်က ဆိုင်ရှင်ဇနီးမောင်နှံနှင့် ဝန်ထမ်းနှစ်ဦး၊ ဒေသခံအမျိုးသားတစ်ဦးတို့ကို စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ဖမ်းဆီးခံရသူ ရှစ်ဦးမှာ ယနေ့ဩဂုတ်လ ၄ ရက် မွန်းတည့်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။
အဆိုပါဒေသခံ ရှစ်ဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသည်နှင့် မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်တို့ကို တိတိကျကျ မသိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်ကြောင်းသည် မောင်းမကန်ကျေးရွာရှိ ဒေသခံများကို ဖမ်းဆီးခဲ့ပြီးနောက် ဩဂုတ်လ ၃ ရက်တွင် သဘော့ဆိပ်ကျေးရွာဘက်သို့ စစ် ကြောင်းထပ်ထိုးခဲ့ပြီး သဘော့ဆိပ်ရွာသားတစ်ဦးကိုလည်း သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။
“စစ်ကြောင်းနဲ့ တွေ့တော့ ပုန်းနေရာကနေ ထပြေးတဲ့အချိန်မှာ ပစ်တယ်လို့သိရတယ်။ ခြေထောက်ထိသွားလို့ ဖြတ်ရမယ်လို့လည်းကြားတယ်” ဟု ဒေသခံအခြားတစ်ဦးက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသည့် သဘော့ဆိပ်ရွာသားမှာ အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသားဖြစ်ပြီး ယခုလက်ရှိ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း စုံစမ်းသိရသည်။
စစ်ကြောင်းမှာ ဩဂုတ်လ ၃ ရက် မွန်းလွဲပိုင်းတွင် သဘော့ဆိပ်ကျေးရွာမှ ပြန်လည်ထွက်ခွာလာပြီး မောင်းမကန်ကမ်းခြေတွင် ညအိပ်ခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၄ ရက် နံနက်ပိုင်းတွင် မောင်းမကန်ကျေးရွာ၏ မြောက်ဘက် တစ်ဆက်တည်းရှိသော ပန်းတင်အင်းကျေးရွာဘက်သို့ စစ်ကြောင်းထပ်ထိုးကြောင်း ဒေသခံခရီးသွားများထံမှ သိရသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ဘက်သို့ ထွက်ခွါသွားကြောင်း ၎င်းတို့က ပြောဆိုသည်။







