မြိတ်-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုကားလမ်းမပေါ်၌ တံတားငယ်တစ်စင်း ရေတိုက်စားက ပျက်စီးနေသဖြင့် သွားလာရေး ခက်ခဲနေကြောင်း ယာဥ်မောင်းများထံမှ သိရသည်။
အဆိုပါလမ်းပိုင်းရှိ တနင်္သာရီမြို့နယ် တမုတ်ချုံးရွာအနီးရှိ တံတားငယ်တစ်စင်းသည် သြဂုတ်လ ၃ ရက်က ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
“မိုးလည်း သိပ်မရွာဘဲနဲ့ သူ့ဟာသူပဲ ရေတိုက်စားပြီး တခြမ်းပြိုကျသွားတယ်။ တံတားက အရင်ကတည်းက အက်ကွဲကြောင်း ရှိတယ်” ဟု အဆိုပါလမ်းပိုင်းတွင် သွားလာသည့် ယာဥ်မောင်းတစ်ဦးက ပြောဆိုသည်။
ခရီးသွားတစ်ဦး မှတ်တမ်းတင်ထားသည့် ဓာတ်ပုံအရ တံတား၏ တစ်ခြမ်းတွင် လမ်းမနှင့် တံတားဆက်ထားသည့် နေရာများ မြေကျွံကျကာ ပျက်စီးနေသည်ကို တွေ့ရသည်။
လက်တလောတွင် ကားအငယ်နှင့် ဆိုင်ကယ်များ တံတား၏ တစ်ခြမ်းတွင် ရှောင်ကွင်း၍ သွားလာ၍ ရနေသေးသော်လည်း ကားအကြီးများ သွားလာ၍ မရကြောင်း ယာဥ်မောင်းများထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၄ ရက် ညနေပိုင်းအထိ တံတားကို ပြင်ဆင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
ပုံစာ – တမုတ်ချုံးရွာအနီး ဩဂုတ်လ ၃ ရက်က တံတားငယ်ပျက်စီးနေသည့် မြင်ကွင်း။
Photo – Khant



