တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ရွာကို စစ်အာဏာရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လေကြောင်းမှ ဗုံးကြဲသည်ဟုသာ ကနဦး သိရှိရသေးပြီး အသေးစိတ်ကို မသိရှိရသေးပေ။
ဩဂုတ်လ ၄ ရက် ညနေ ၄ နာရီတွင် လမိုင်းကော့ရွာကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူနေအိမ်များနှင့် လူသေဆုံးမှုများရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အခုလက်ရှိက အဖွားကြီးတစ်ယောက် သေသွားပြီ။ အခြေအနေ မငြိမ်သေးလို့ ထိခိုက်မှု အသေးစိတ် မသိရသေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုတွင် လူနေအိမ် နှစ်ဆောင် ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံ နောက်တစ်ဦးက ဆိုသည်။
“အသံက အကျယ်ကြီးပဲ ကြားရတယ်။ ခုနကမှ ဖြစ်ထားတော့ လူတွေလည်း အပြင်မထွက်ရဲသေးဘူး။ လေယာဉ် အမျိုးအစားလည်း မသိရသေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
တကူကျေးရွာအုပ်စုသည် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည်မှာ လေးနှစ်ကျော်ပြီဖြစ်ပြီး စစ်အာဏာရှင်တပ်က မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သွားသည့်နေအိမ်







