ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တုံးဗျောရွာအုပ်စုကို စစ်အာဏာရှင်တပ် အင်အားရာချီဖြင့် စစ်ကြောင်းထိုး၊ တိုက်ပွဲပြင်းထန်ဖြစ်

August 3, 2026

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က အင်အားရာချီဖြင့် စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်နေကြောင်း ‌ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူများထံမှ သိရသည်။

ဇူလိုင်လ ၃၁ ရက်တွင် စစ်အာဏာရှင်တပ်သည် မြိတ်မြို့မှ တုံးဗျောကျေးရွာအုပ်စုသို့အင်အား ၃၀၀ ခန့်ဖြင့် ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သြဂုတ်လ ၁ ရက်တွင် တုံးဗျောငယ်ရွာ ဘုန်းကြီးကျောင်းမှ စစ်အာဏာရှင်တပ်သားများသည် ဘန်မဲရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဘန်မဲရွာရော၊ ငါးရံ့အင်းရွာရော(လက်နက်ကြီး) ပစ်နေတယ်။ ပြီးတာနဲ့ တိုက်ပွဲဖြစ်တယ်။ အသံတွေက တော်တော်ကြမ်းတယ်” ဟု အထက်ပါ‌ ဒေသခံက ပြောဆိုသည်။

သြဂုတ်လ ၁ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်နှင့် ၃ နာရီ ၂၀မိနစ်အတွင်း တုံးဗျောကျေးရွာအုပ်စု ငါးရံ့အင်းရွာနှင့်မဇောကျေးရွာအုပ်စု ဘန်မဲရွာတို့တွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွါးကြောင်း ‌တော်လှန်ရေးတပ်နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

မဇောကျေးရွာအုပ်စု သကန်တောင်ပုရွာအနီးတွင်လည်း ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တစ်နေ့တည်း တိုက်ပွဲသုံးနေရာ လေးကြိမ်လောက် ဖြစ်သွားတယ်။ ထိခိုက်မှုက (စစ်အာဏာရှင်တပ်) ဗိုလ်ကြီးတွေ‌ရော တပ်သားတွေရော ထိခိုက်မှု ရှိထားတယ်လို့ သိရတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

တုံးဗျောနှင့် မဇောကျေးရွာအုပ်စုတို့သည် တစ်ဆက်စပ်တည်းရှိနေသည့် ရွာများဖြစ်ပြီး ငါးရံ့အင်းရွာလမ်းအတိုင်းသွားပါက တနင်္သာရီမြို့နယ် ကျောက်တောင်ရွာဘက်သို့‌ ရောက်သည်။