ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က တပိုရွာ၊ ကြဲရွာအပါအဝင် စစ်ရှောင်ရွာများတွင် နေအိမ်ဖောက် ပစ္စည်းယူ

July 31, 2026

ပုလောမြို့နယ်၊ ပလမြို့၊ တပိုရွာ၊ ကြဲရွာနှင့် စစ်ဘေးရှောင်နေရသည့် ရွာများတွင် စစ်အာဏာရှင်တပ်က ဦးဆောင်ပြီး နေအိမ်များမှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေကြောင်း ဒေသခံများထံမှ သိရသည်။

“အိမ်တံခါးပါခွာတယ်။ တအားဆိုးတယ်။ စစ်ဘေးရှောင်တဲ့ ရွာတွေမှာ တော်တော်ဆိုးတယ်” ဟု အထက်ပါ ဒေသခံကပြောသည်။

ဇူလိုင်လ ဒုတိယပတ်မှစ၍ ပလမြို့ဝန်းကျင်နှင့် ပုလော-ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ပြည်ထောင်စုလမ်းမပေါ်ရှိ စစ်ဘေးရှောင်နေသည့် ရွာများနှင့် တပိုရွာ၊ ကြဲရွာတို့တွင် စစ်အာဏာရှင်တပ်သားများက ဦးဆောင်ကာ နေအိမ်များ ဖောက်ထွင်းခိုးယူနေပြီး သံတိုသံစ ရောင်းဝယ်သူအချို့ကလည်း ယင်းသို့ပင်ဖောက်ထွင်းခိုးယူနေကြောင်း ၎င်းက ဆိုသည်။

ကြဲရွာတွင် ပြီးခဲ့သည့်နှစ်မှစ၍ နေအိမ်များရှိ ပစ္စည်းများကို ဖောက်ထွင်းယူခဲ့ကြပြီး ယခုနှစ် ဇူလိုင်လတွင်မူ ကျန်နေသေးသည့် ပစ္စည်းမှန်သမျှကို ယူကြကြောင်း ကြဲရွာဒေသခံတစ်ဦးက ဆိုသည်။

“မနှစ်ကတည်းက ကုန်သလောက်တော့ ဖြစ်နေပြီ။ အခုက အိမ်တံခါးရွက်တွေရော သံနဲ့လုပ်ထားတာတွေပါ အကုန်ဖြုတ်ပြီး ရောင်းနေတယ်။ ရွာသားရော စစ်သားရော ဖြုတ်နေကြတာ” ဟု အထက်ပါ ဒေသခံက ပြောသည်။

ဇူလိုင်လအတွင်း ပလမြို့ဝန်းကျင်တွင် စစ်အာဏာရှင်တပ်များ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေသောကြောင့် စစ်ဘေးရှောင်နေသည့် ရွာ ၆ ရွာကျော်ရှိကြောင်း ဒေသခံများထံမှ သိရသည်။