ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် စီးပွားရေးကျပ်တည်းမှုကြောင့် ဝါတွင်းဥပုသ်ရက် တစ်ဦးတည်းအလှူရှင်များ နည်းပါးလာသည့်အတွက် စုပေါင်းလှူဒါန်းနေရကြောင်း ဒေသခံများထံမှ သိရသည်။
မနိုးရုံး၊ ဘန်ဂလား၊ ထောင်ကမတ်၊ ရေငံကြီး၊ အလယ်မန် စသည့် ကျေးရွာအုပ်စုများတွင် ဝါတွင်းဥပုသ်ရက်များအတွက် တစ်ဦးတည်းအလှူရှင်က လှူမည့်ရက်ကို ကြိုတင်သတ်မှတ်ပြီး ခွဲဝေထားလေ့ရှိသည်။
ဥပုသ်ရက်တွင် ဘုန်းကြီးကျောင်းရှိ သံဃာများ၊ ဥပုသ်လာစောင့်သူများနှင့် ဖိတ်ကြားထားသူများကို ထမင်း၊ ဟင်းများ ချက်ပြုတ်ကျွေးမွေးပြီး လှူဒါန်းကြခြင်းဖြစ်သည်။
ယခုနှစ် ဝါဝင်ချိန်တွင်မူ စစ်ရေးအခြေအနေနှင့် ကုန်ဈေးနှုန်းကြီးနေခြင်းကြောင့် ဒေသခံများ ငွေကြေးကျပ်တည်းလာပြီး တစ်ဦးတည်းအလှူရှင် မရှိသလောက် နည်းပါးသွားကြောင်း ဒေသခံအချို့က ပြောသည်။
ပြီးခဲ့သည့်နှစ်က တစ်ဦးတည်းအလှူရှင်များ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ငွေကြေးချောင်လည်သူများပင် မလှူနိုင်တော့ကြောင်း မနိုးရုံးကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ကုန်ဈေးနှုန်းတွေပဲ တက်တက်လာတယ်။ ရောင်းရေးဝယ်ရေး အလုပ်အကိုင်တွေက အဆင်မပြေဘူး။ ဒါက တစ်ရွာလုံးနီးပါးပါပဲ။ အရင်ကဆို ရွာတွေဘက်မှာ ဝါတွင်းပထမအပတ်ဆို အလှူရှင်တွေ ပေါလွန်းလို့။ အခုကျတော့ လှူမယ့်သူမရှိလို့ တစ်ရွာလုံး စုပေါင်းလှူနေရတယ်” ဟု ၎င်းက ပြောသည်။
ဘုတ်ပြင်းမြို့နယ်အတွင်း စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးမှုများ၊ ကုန်စည်သယ်ဆောင်ခွင့် ကန့်သတ်ချက်များနှင့် ဖမ်းဆီးစစ်ဆေးမှုများကြောင့် စီးပွားရေး ပိုမိုကျပ်တည်းလာကြောင်း ဒေသခံအချို့က ပြောသည်။
ယင်းအပြင် အထွေထွေကုန်ဈေးနှုန်း ဆက်တိုက်တက်နေသည့်အတွက် အလှူလုပ်ရာတွင် ကုန်ကျစရိတ် ပိုများလာပြီး ဖိတ်ကြားသည့် လူဦးရေအလိုက် ပျမ်းမျှ ကျပ်သိန်း ၁၀၀ ဝန်းကျင် ကုန်ကျနေရာမှ လက်ရှိတွင် သိန်း ၂၀၀ ကျော် ကုန်ကျနေကြောင်း ဒေသခံအချို့က ဆိုသည်။
ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဘန်ဂလားကျေးရွာအုပ်စုတွင်လည်း လက်ရှိအချိန်အထိ တစ်ဦးတည်းအလှူရှင်များ မရှိတော့သဖြင့် ဝါတွင်းဥပုသ်အပတ်တိုင်း စုပေါင်းအလှူလုပ်ရန် စီစဉ်ထားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“တစ်အိမ်ကို နိုင်သလောက်ပေါ့။ (ကျပ်) သုံးသောင်းအောက်တော့ မကျနဲ့ သတ်မှတ်ထားတယ်။ အလှူမှာကျွေးမယ့် စားစရာကတော့ ရတဲ့ငွေပမာဏပေါ် မူတည်ပြီး အိုးသူကြီးတွေနဲ့ တိုင်ပင်ပြီး သွားရမှာပေါ့” ဟု ၎င်းက ဆိုသည်။
ဘုတ်ပြင်းမြို့နယ်အတွင်း ဘုန်းကြီးကျောင်း ၁၂၂ ကျောင်းရှိပြီး ရဟန်းအပါး ၃၀၀ ကျော်ရှိကြောင်း သိရသည်။







