ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က မိန်းမမြို့ရွာကို မီးရှို့

July 30, 2026

ပလမြို့၊ မိန်းမမြို့ရွာကို ယနေ့ (ဇူလိုင် ၃၀) နံနက်ပိုင်းတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နေအိမ်အချို့ကို မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။

“မီးရှို့နေတာ မီးခိုးတက်နေတာ တွေ့နေရတယ်။ ဘယ်နေရာကို ရှို့နေတာလဲ အတိအကျ မသိရသေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

ဇူလိုင်လ ဒုတိယအပတ်တွင် မိန်းမမြို့ရွာကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် ထိတွေ့မှုဖြစ်ပြီးနောက် ရွာသားများ စစ်ဘေးရှောင်ထွက်ပြေးနေကြ၍ ရွာထဲတွင် လူမရှိဟု ဒေသခံများကဆိုသည်။

မိန်းမမြို့ရွာမှ တော်လှန်ရေးတပ်များ ဆုတ်ခွာပြီးနောက် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ရွာသို့ အဝင်အထွက်လုပ်နေကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

“ခုလောက်ဆို မီးငြိမ်းနေလောက်ပြီ။ မိုးလည်း (၂ နာရီ ၃၀ မိနစ်က) ရွာနေတယ်ဆိုတော့။ စစ်ကြောင်းက ပေါ်လိုက် ပျောက်လိုက်ပဲ” ဟု အထက်ပါ ဒေသခံက ပြောသည်။

မိန်းမမြို့ရွာသည် မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းတွင် တည်ရှိပြီး ဘိုင်းပြင်ရွာနှင့် တစ်ဆက်စပ်တည်းရှိသည့် ရွာဖြစ်သည်။

ဇူလိုင်လ ၂၆ ရက်တွင် ပုလောမြို့၊ ဘိုင်းပြင်ရွာတွင် စားနပ်ရိက္ခာ ပြန်ဝင်ယူသည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးကို ကင်းလှည့်လာသည့် စစ်အာဏာရှင်တပ်သားများက သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။