မလေးရှားနိုင်ငံတွင် ခိုလှုံနေသော ရိုဟင်ဂျာ ငါးထောင်ကျော်ကို မြန်မာနိုင်ငံဘက်က လက်ခံရန် သဘောတူထားပြီး ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ပြောသည်။
မလေးရှားဝန်ကြီးချုပ်သည် ဇူလိုင်လ ၂၉ ရက်က နာဂရီဆမ်ဘီလန်ပြည်နယ်ရှိ လူထုတွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
မလေးရှားနှင့် မြန်မာနိုင်ငံကြား ဆက်ဆံရေး ကောင်းမွန်နေရန် အရေးကြီးပြီး မလေးရှားရှိ ရိုဟင်ဂျာ ငါးထောင်ကျော်ကို ပြန်လက်ခံရန် မြန်မာဘက်က သဘောတူထားကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာ သုံးသိန်းကိုလည်း ပြန်လက်ခံရန် မြန်မာဘက်က သဘောတူထားကြောင်း မလေးရှားဝန်ကြီးချုပ်က ဆိုသည်။
ယခင်က ရိုဟင်ဂျာများကို မြန်မာနိုင်ငံဘက်က လက်မခံသဖြင့် နေရပ်ပြန်ပို့ရန် ခက်ခဲခဲ့ကြောင်း ၎င်းက ပြောသည်။
သို့သော်လည်း ရိုဟင်ဂျာ ငါးထောင်ကျော်ကို ပြန်ပို့မည့်အချိန်နှင့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ရိုဟင်ဂျာများသည် စည်းကမ်းများကို လိုက်နာမှုအားနည်းပြီး အထူးသဖြင့် လမ်းနှင့် ပြည်သူပိုင် နေရာများတွင် နှောင့်ယှက်နေမှုကို သတိပေးထားပြီးဖြစ်ကာ မလေးရှားဥပဒေကို လေးစားလိုက်နာရန် လိုကြောင်း ဝန်ကြီးချုပ်က ပြောဆိုသည်။
ယခုသီတင်းပတ်အတွင်း အထောက်အထားကိစ္စနှင့် ပတ်သက်၍ မလေးရှားနိုင်ငံ UNHCR ရုံးရှေ့ စုရုံးရောက်ရှိနေသော ရိုဟင်ဂျာ တစ်ရာကျော်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပြီး ပြည်နယ်သုံးခုသို့ နေရာပြောင်းရွှေ့ ချထားခဲ့သေးသည်။
ဇူလိုင်လ ၂၃ ရက်ကလည်း မလေးရှားအစိုးရအဖွဲ့က နိုင်ငံအတွင်း ဒုက္ခသည်အသစ်များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားရန် UNHCR ကို ညွှန်ကြားထားသလို ထိန်းသိမ်းခံ မြန်မာ ငါးထောင်ကျော်ကို စစ်သင်္ဘောဖြင့် နေရပ်ပြန်ပို့မည်ဟု ကြေညာထားသေးသည်။
Ref: CNA, The Star, FMT







