ပုလောမြို့နယ်အတွင်းရှိ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းကို စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်ထားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်များထံမှ သိရသည်။
တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ပုလော-မြိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ ဇရပ်ဆိပ်၊ မင်းပြင်၊ ဘိုင်းပြင်ရွာနှင့် မိန်းမမြို့ကို ဇူလိုင်လ ၂၀ ရက်ဝန်းကျင်တွင် စစ်အာဏာရှင်တပ်က ပြန်ရယူသွားကြောင်း ဒေသခံများက ဆိုသည်။
စစ်အာဏာရှင်တပ်က ဇူလိုင်လ ပထမပတ်မှစကာ အင်အားရာချီ အသုံးပြု၍ စစ်ကြောင်းထိုးလာသည့်အတွက် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ပြန်သိမ်းနိုင်သွားခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံများက အတည်ပြုပြောဆိုသည်။
စစ်အာဏာရှင်တပ်က ပြည်ထောင်စုလမ်းပိုင်းရှိ ကျေးရွာများကို ပြန်လည်ထိန်းချုပ်ပြီးနောက် ရွာသားအချို့ ပြန်လည်ဝင်ရောက်နေထိုင်ကြသော်လည်း အများစုမှာ ပြန်မနေကြသေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အရင်က တော်လှန်ရေးတပ်က ဂိတ်တွေရှိတယ်၊ ပြန်ပါကုန်ပြီ။ ရွာသားတွေလည်း ပြန်ဝင်ရဲသူ ရဲတယ်၊ ဝင်မရဲသူလည်း မရဲဘူး။ ပစ်သတ်တာတွေလည်း ရှိနေတော့ ကျွန်တော်က ရှောင်နေတုန်း” ဟု ၎င်းက ပြောသည်။
လက်ရှိ အနေအထားတွင် စစ်အာဏာရှင်တပ်က ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းပိုင်းကို အပြည့်အဝ မထိန်းချုပ်နိုင်ဘဲ ပြောက်ကျားစနစ်ဖြင့်သာ ထိန်းချုပ်ထားနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“လမ်းပိုင်းကို ပြန်ရသွားပေမဲ့ အပြည့်အဝတော့ မဟုတ်သေးဘူး။ လမ်းကို နေ့တစ်ဝက်ပဲ ဖွင့်ပေးသေးတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
စစ်အာဏာရှင်တပ်က ပြန်ရယူသွားသည့် အဆိုပါရွာများသည် ပုလောမြို့နယ်၊ ပလမြို့ဝန်းကျင်တွင် ရှိသည့် ကျေးရွာများဖြစ်သည်။







