ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂျပန်တွင် အင်အားပြင်း ငလျင်လှုပ်ပြီး ဈေးဝယ်စင်တာထဲ လူအများအပြားပိတ်မိ

July 28, 2026

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကူမာမိုတိုစီရင်စုအနီး ရစ်ချ်စတာစကေး ၇ ဒသမ ၁ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဈေးဝယ်စင်တာအတွင်း လူဆယ်ချီပိတ်မိနေကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။

ဂျပန်စံတော်ချိန် ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် အင်အား ရစ်ချ်စတာစကေး ၇ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခုသည် ကူမာမိုတိုမြို့တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ငလျင်ကြောင့် လူပေါင်း ဒါဇင်များစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် ၁၀ ဦးမှာ အသက်ကြီးဂေဟာက ဖြစ်ပြီး နောက်ထပ် ၅၀ ဦးမှာ ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း သိရသည်။

လက်ရှိအချိန်အထိ သေဆုံးသူ ၁ ဦးကို အတည်ပြုထားသည်။

ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း နာရီပိုင်းအကြာတွင် ပြန်ရုတ်သိမ်းခဲ့ကာ လူပေါင်း သုံးသိန်းခန့်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ကြရန် ညွှန်ကြားထားကြောင်း သတင်းတွင်ဖော်ပြသည်။

ငလျင်ကြောင့် ကူမာမိုတိုစီရင်စု ကာရှိမာမြို့ရှိ Aeon Mall ဈေးဝယ်စင်တာထဲ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဈေးဝယ်စင်တာ၏ ဒုတိယထပ် ပြိုကျသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ပြောသည်။

အထဲတွင် လူပေါင်းများစွာ ပိတ်မိနေပြီး အရေအတွက်ကို မသိရသေးကြောင်း၊ လူဦးရေ ၂၀ မှ ၃၀ အထိ ရှိနိုင်ကြောင်း ပြောသည်။

ဈေးဝယ်စင်တာအတွင်းတွင် ပေါက်ကွဲသံ ကြားရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း ထိခိုက်သေဆုံးမှု အခြေအနေကိုမူ မသိရသေးကြောင်း ပြောသည်။

၂၀၁၆ ခုနှစ်ကလည်း ကူမာမိုတိုစီရင်စုကို အင်အားပြင်း ငလျင်နှစ်ခု ဆက်တိုက်လှုပ်ခတ်ခဲ့ရမှ လူပေါင်း ၂၇၃ ဦး သေဆုံးခဲ့ပြီး ၂၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

Ref: BBC, The Guardian, NHK