ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချင်းမိုင်တွင် တစ်ရက်လျှင် နှစ်ဦးခန့် HIV ရောဂါပိုး ကူးစက်နေ၍ သတိထားစောင့်ကြည့်

July 27, 2026

Ref: The Thaiger, Thai PBS

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် တစ်ရက်လျှင် လူနှစ်ဦးခန့် HIV ရောဂါပိုး ကူးစက်ခံနေရသဖြင့် သတိထားစောင့်ကြည့်နေရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ချင်းမိုင်ခရိုင်အတွင်း HIV ရောဂါပိုး အသစ်ကူးစက်ခံရသူ ၇၀၀ ကျော်ရှိနေပြီး တစ်ခရိုင်လုံးတွင် ကူးစက်ခံခဲ့ရသူ ၂၃,၉၀၀ ဦးအထိ ရှိလာသဖြင့် ချင်းမိုင်ခရိုင်ကို သတိထားစောင့်ကြည့်နေရခြင်းဖြစ်ကြောင်း သိရသည်။

ကူးစက်ခံရသူအများစုမှာ အသက် ၂၅ နှစ်မှ ၄၉ နှစ်ကြား အလုပ်လုပ်နိုင်သော သက်လတ်ပိုင်းအရွယ်များဖြစ်နေကြောင်း ကျန်းမာရေးဌာနက ဇူလိုင်လ ၂၆ ရက်နေ့က ပြောသည်။

အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားများနှင့် တိုင်းရင်းသားအများစုက HIV ရောဂါပိုးနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ပိုမိုကူးစက်ခံနေရကြောင်း ကျန်းမာရေးဌာနကဆိုသည်။

၎င်းတို့သည် ဘာသာစကားအခက်အခဲ၊ အလုပ်အကိုင် အတည်တကျမရှိမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပုံမှန်ရယူရန် အားနည်းမှုများကြောင့် ရောဂါပိုးကို စောစီးစွာစစ်ဆေးပြီး ကုသမှုခံယူရန် ခက်ခဲခဲ့ဟုလည် ပြောဆိုချက်တွင် ပါရှိသည်။

ထို့ကြောင့် ခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် HIV ရောဂါပိုးနှင့် ပတ်သက်၍ သံသယရှိပါက နီးစပ်ရာ ဆေးရုံနှင့် ကျန်းမာရေးဌာနများတွင် စစ်ဆေးမှု ခံယူနိုင်ကြောင်း ဖော်ပြထားသည်။

Ref: The Thaiger, Thai PBS