ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ စစ်အာဏာရှင်တပ်စစ်ကြောင်း အင်အားအလုံးအရင်းဖြင့် ထပ်မံဝင်ရောက်လာသဖြင့် ကျေးရွာခုနစ်ရွာက ဒေသခံပြည်သူများ နေအိမ်စွန့်ခွာပြီး ထပ်မံထွက်ပြေးနေကြ ရကြောင်း ဒေသခံများက ပြောသည်။
ကားလေးစီးဖြင့် အင်အားငါးရာဝန်းကျင်ရှိသည့် အဆိုပါစစ်ကြောင်းသည် ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းကစပြီး ဝက်ချောင်းရွာမှတစ်ဆင့် ဒုတိယအကြိမ် စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ဒေသခံများက ဆိုသည်။
စစ်ကြောင်း ဝင်ရောက်လာစဉ် လမ်း၌တွေ့ရှိရသည့် ဝက်ချောင်းကျေးရွာက ခရီးသည်တင်ကားတစ်စီးနှင့် ဝဇွမ်းတောကျေးရွာက ခရီးသည်ကားတစ်စီးတို့ကို ဖမ်းဆီးခဲ့ပြီး တစ်စီးကိုမူ ထားဝယ်မြို့ဘက်သို့ ပြန်လွှတ်လိုက်ကြောင်း စစ်ဘေးရှောင် ဒေသခံတစ်ဦးက ပြောဆိုသည်။
“အင်အားက အရင်တစ်ခေါက်က အင်အားအတိုင်းပဲ ရှိလိမ့်မယ်။ စစ်ကြောင်းကလည်း အရင်တစ်ခေါက်လာတဲ့ စစ်ကြောင်းပါပဲ။ ဘာလို့လဲဆို အရင်တစ်ခေါက်က သူတို့ ဖမ်းပြီး ပြန်မလွှတ်သေးတဲ့ ခရီးသည်တင်ကား တစ်စီး လည်း သူတို့အနဲ့ အတူ ထပ်ပါလာနေတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ်သည် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို ဇူလိုင်လ ၉ ရက်မှ ၁၈ ရက်အထိ အင်အားထောင်ဂဏန်း၊ စစ်ကြောင်းသုံးကြောင်းဖြင့် ပထမအကြိမ် စစ်ကြောင်းထိုးခဲ့သေးသည်။
ယင်းသို့ စစ်ကြောင်းထိုးရာတွင်လည်း ခရီးသည်တင်ကားကို ဖမ်းခေါ်ခဲ့သလို စစ်ဘေးရှောင်အရေးကူညီသည့် လူငယ်သုံးဦးနှင့် ဒေသခံတစ်ဦးတို့ကို သတ်ဖြတ်အလောင်းစွန့်ပစ်ခဲ့သည်။ ယင်းအပြင် လူနေအိမ်များကို မီးရှို့ခြင်း၊ နေအိမ်များကို ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်ခဲ့သလို ကားနှင့် ဆိုင်ကယ် ဆယ်နှင့်ချီကို ယူဆောင်သွားခဲ့သည်။
ဒေသခံများမှလည်း ၁၀ ရက်ကြာ တိမ်းရှောင်ထွက်ပြေးခဲ့ကြရသည်။ ယခုဇူလိုင်လ ၂၆ ရက်တွင်လည်း ဝက်ချောင်း၊ ခမောင်းချောင်းကျေးရွာအတိုင်း ရွာစဉ်တစ်လျှောက် စစ်ကြောင်းထပ်ထိုးကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ကြောင့် ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်း၊ ကညင်အင်းစသည့် ကျေးရွာ များက ဒေသခံများ ယခုလအတွင်း ဒုတိယအကြိမ် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း စစ်ဘေးရှောင် ဒေသခံများက ပြောသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ယနေ့ ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းတွင် ဧကနိကျေးရွာအတွင်းသို့ ရောက်ရှိနေပြီး နောက်ဆက်တွဲ အခြေအနေကိုမူ Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။







