ထားဝယ်မြို့ပေါ်တွင် ယနေ့ (ဇူလိုင် ၂၁) မွန်းတည့် ၁၂ နာရီဝန်းကျင်က ထားဝယ်ဟိုတယ်အနီးတွင်ရှိသော သစ်ပင်ကြီး၏ သစ်ကိုင်းကျိုးကျပြီး လမ်းပေါ်ရှိ ခရီးသွားအမျိုးသမီးတစ်ဦး ပိမိသေဆုံးသွားကြောင်း သိရသည်။
ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ အာဇာနည်လမ်းပေါ်မှ ထားဝယ်ဟိုတယ် အနီးတွင်ရှိသော ဇော်လေးပင်မှ သစ်ကိုင်းလမ်းမပေါ် ကျိုးကျခဲ့ခြင်းဖြစ်သည်။
သေဆုံးသူအမျိုးသမီးမှာ ထားဝယ်မြို့၊ အိုးလုပ်ပြင်ရွာလယ်လမ်းတွင် နေထိုင်သည့် အသက် ၄၀ ကျော်အရွယ် မနွေးနွေးအိ ဆိုသူဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးသည့် မြို့ခံက ပြောသည်။
မနွေးနွေးအိမှာ ဆိုင်ကယ်မောင်း၍ သစ်ပင်အောက်အဖြတ်တွင် သစ်ကိုင်းကျိုးကျကာ ပိသွားခြင်းဖြစ်ပြီး နေရာတွင်ပင် သေဆုံးသွားကြောင်း၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများကဆိုသည်။
ထားဝယ်ခရိုင်တွင် ဇူလိုင်လ ၂၀ ရက် ညနေပိုင်းမှ ယနေ့ မွန်းတည့်အချိန်အထိ ၂၄ နာရီအတွင်း ယခုသစ်ကိုင်းပိ၍ သေဆုံးမှုအပါအဝင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း မြို့ခံအချို့နှင့် ကူညီဆောင်ရွက်ပေးသူများထံမှ သိရသည်။
ယနေ့ နံနက် ၁၀ နာရီအချိန်တွင်လည်း ရန်ကုန်ဘက်မှ ကုန်စိမ်းပစ္စည်းများ တင်ဆောင်လာသည့် ကားမှာ ရေဖြူမြို့နယ်၊ ၃၇ မိုင် သက်ကယ်ကွက်ကျေးရွာအနီးရှိ လမ်းပိုင်းတစ်နေရာတွင် ရပ်ထားသည့် သစ်တင်ကားကို နောက်မှဝင်ရောက်တိုက်မိပြီး ယာဉ်အကူဖြစ်သူ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
ယင်းအပြင် ဇူလိုင်လ ၂၀ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ထားဝယ်မြို့၊ ကျွန်းမွေးရပ်ကွက်၊ သံပရာကန်အနီး ဘေးတွဲဆိုင်ကယ်ဖြင့် ဈေးရောင်းသူ အမျိုးသားတစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။
သေဆုံးသူမှာ ထားဝယ်မြို့နယ်၊ လိပ်ကြယ်ပြောင်ရွာသား အမျိုးသားဖြစ်ပြီး ဓားဖြင့်ထိုးသူမှာ လွန်ခဲ့သည့်ရက်ပိုင်းက စကားများရန်ဖြစ်ခဲ့ဖူးသည့် အမျိုးသားဖြစ်ကာ ပြစ်မှုကျူးလွန်သူကို ညတွင်းချင်း ဖမ်းဆီးရမိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ယင်းအပြင် ဇူလိုင်လ ၂၀ ရက်နေ့ ထားဝယ်မြစ်ကူးတံတားဖြစ်သည့် ကမြောကင်းတံတားအနီးတွင် မိသားစုဝင်သုံးဦး ဆိုင်ကယ်အတူစီးလာစဉ် အတက်ရောဂါရှိသည့် ဖခင်ဖြစ်သူမှာ ရုတ်တရက် ရောဂါဖောက်ပြီး ဆိုင်ကယ်လဲကျတိမ်းမှောက်ရာမှ ထိုအမျိုးသားမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဇနီးနှင့် သားဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်မှာ ဒဏ်ရာပြင်းထန်သဖြင့် ယနေ့တွင် ဆေးကုသရန် ရန်ကုန်ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ထားရသည်။
အထက်ပါဖြစ်စဉ်များမှာ ဇူလိုင်လ ၂၀ ရက် ညနေပိုင်းမှ ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ မွန်းတည့်အချိန်အထိ ၂၄ နာရီအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့၊ ဇမ္ဗူသီရိအဖွဲ့၊ အခြားမြို့ခံ ပရဟိတအဖွဲ့များနှင့် မြို့ခံများ၊ ရေဖြူမြို့နယ်အခြေစိုက် အရေးပေါ်လူနာတင်ယာဉ်အဖွဲ့များဖြစ်သည့် ဆာမူဒေါနှင့် ဒါနကြည်ဖြူ ပရဟိတအသင်းတို့က ကူညီသယ်ဆောင်ပေးခဲ့ကြကြောင်း မြို့ခံပရဟိတအဖွဲ့များထံမှ သိရသည်။







