ဘဝမှာ ကိုယ်လေးစားအားကျရတဲ့ ideal person တွေဆိုတာ ရှိကြပါတယ်။ အဲဲဒီပုဂ္ဂိုလ်တွေဟာ ဉာဏ်ကြီးရှင်တွေ လောကအတွက် အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သူတွေပဲ ဖြစ်ကြတာများတယ်။ ကျွန်တော့်မှာလည်း လေးစားစံထားရလောက်တဲ့ လူပုဂ္ဂိုလ်တွေ တော်တော်များများရှိပါတယ်။ ဒါပေမယ့် ကျနော်ပြောချင်တဲ့ ချစ်ကြီးသူတယောက်ဆိုသူကတော့ ဉာဏ်ကြီးရှင်တယောက်မဟုတ်သလို ပညာတတ်ပုဂ္ဂိုလ်ထူးတယောက်လည်း ဟုတ်မနေပါဘူး။ အများအတွက် ဘဝကိုရင်းခဲ့သူလည်း မဟုတ်ခဲ့ပါဘူး။ အချစ်အတွက် ဘဝကို စတေးခဲ့ရှာသူပါ။ ကျွန်တော်ကသူ့ကို သစ္စာတရားကြီးမားသူ ဦးနှောက်ထက် နှလုံးသားကြီးလွန်းသူတစ်ယောက်အဖြစ် အသိအမှတ်ပြု အလေးထားမိပါတယ်။ ပြီးတော့ သူ့ရဲ့အနုပညာဓာတ်ကို အားကျမိခဲ့တယ်။
ကျွန်တော် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုတဲ့နှစ် စာမေးပွဲဖြေပြီးလို့ ရွာမှာရောက်နေတဲ့အချိန် သူရွာကိုရောက်လာတယ်။ သူ့နာမည်က ကျော်ရှိန်တဲ့။ သူရုပ်ရည်က ခပ်ဖြောင့်ဖြောင့်လို့ ဆိုနိုင်တယ်။ အသားအရေက သိပ်ဖြူတဲ့ထဲ မပါပေမယ့် အသားလတ်တဲ့သူတစ်ယောက်ပါ။ သူ့နှုတ်ခမ်းမပါးတပါးလေးနဲ့ သီချင်းဆို သိပ်ကောင်းတယ်။ ဆင်မျက်လုံးလေးနဲ့ စူးရှတဲ့အကြည့်တွေရှိတယ်။ နှုတ်ခမ်းမွေး ပါးသိုင်းမွေး ရေးရေးလေးထင်းနေတော့ ပိုပြီးကြည့်ကောင်းတယ်လို့ ထင်ရတယ်။
ကျွန်တော်ကတော့ သူ့ကို ဦးအရွယ်မို့ ဦးကျော်ရှိန်လို့ပဲခေါ်ပါတယ်။ ကျွန်တော်ငယ်ငယ်က သူ့ကို ရွာမှာ တစ်ခါမှမတွေ့ဖူးပါဘူး။ သူက ကျွန်တော်တို့ရွာမှာပဲမွေးပြီး ရွာမှာပဲကြီးပြင်းခဲ့သူတစ်ယောက်လို့ဆိုတယ်။ ဒါပေမဲ့သူက မြန်မာပြည်ရဲ့ တောင်ဘက်အစွန်ဆုံးမြို့လေးတစ်မြို့မှာ နေထိုင်ဖြတ်သန်းခဲ့တာပါ။ သူရွာကို ပြန်ရောက်လာခြင်းက သူ့ဘဝရဲ့နောက်ဆုံးခရီးလည်း ဖြစ်ခဲ့တယ်။
ကျွန်တော်က လူပျိုပေါက်စအရွယ်၊ ဝတ္ထုစာအုပ်တွေဖတ်ပြီး ဇာတ်ကောင်တွေလို အသည်းကွဲချင်ခဲ့တဲ့ အရွယ်ပေါ့။ နောက်ပီး ဂစ်တာအိုလေးတစ်လက်နဲ့ အသည်းကွဲသီချင်းတွေ မတတ်တတတ်တီးပြီး ဟင်္သာတို့ရဲ့နန်းတော်ရှေ့မှာ သီချင်းလိုက်ဆိုဖို့ စိုင်းပြင်းနေတဲ့ အရွယ်ပါ။ အဲဒီလိုအရွယ်မှာ ဦးကျော်ရှိန်တယောက် ရွာကိုရောက်လာပြီး ကျွန်တော့်အဒေါ်တစ်ယောက်ရဲ့ အိမ်နောက်က ခြံလေးတစ်ခြံမှာ တဲငယ်လေးထိုးပြီး နေရှာတယ်။ ဒါနဲ့ ကျွန်တော်လည်း အဒေါ့်အိမ်မှာ အမြဲရှိတော့ သူ့ကို နီးနီးကပ်ကပ် လေ့လာခွင့်ရတယ်လို့ ဆိုရမှာပေါ့။ တခါတလေ အဒေါ့်အိမ်အောက်မှာ ကျွန်တော်ဂစ်တာတီးနေတုန်း ထမင်း ဒါမှမဟုတ် စားစရာတစ်ခုခု လာတောင်းတတ်တယ်။ ကြာတော့ သူ့ကိုခင်လာတယ်။ သူနဲ့ရင်းနှီးချင်လာတယ်။ အဒေါ်ကလည်း ကျော်ရှိန်ဂစ်တာတီးတတ်တဲ့အကြောင်းပြောတာကိုး။
တစ်နေ့ သူနဲ့ဆုံတုန်း ဂစ်တာတီးပြပါလားလို့ တောင်းဆိုတော့ သူငြင်းခဲ့ပါတယ်။ ကျွန်တော်က သူ့ကိုခင်မင်ပြီး သူ့တဲအိုလေးဆီ မကြာမကြာသွားလည်တတ်တယ်။ တဲနံရံမှာချိတ်ဆွဲထားတတ်တဲ့ ဝါးကျည်တောက်ထဲ အိမ်ကဆန်တွေယူပြီး ထည့်ပေးခဲ့တတ်တယ်။ သူအရက်သောက်ဖို့ ပိုက်ဆံတောင်းရင်လည်း ပေးခဲ့တာပဲ။ ဒါပေမဲ့ သူအများကြီး သောက်မှာကိုတော့ စိုးရိမ်မကင်းဖြစ်ရတယ်။ ဒါပေမဲ့ သူအများကြီးတော့ မသောက်နိုင်ပါဘူး။ တပက် နှစ်ပက်လောက်သောက်ရင်ပဲ မူးသွားတတ်တယ်လေ။
သူက အရက်သောက်ပြီးရင် အသိစိတ်မရှိတော့ဘူးလို့ ထင်ရတယ်။ ဒါပေမဲ့ တခြားလူတွေအပေါ် ရမ်းကားတာမျိုး၊ မကောင်းကြံတာမျိုးတော့ နည်းနည်းမှ မလုပ်တတ်ဘူး။ ညဘက်မူးလာရင် သူ့တဲအိုလေးမှာ ပက်လက်အိပ်ပြီး တစ်ယောက်တည်း စကားပြောနေတတ်တယ်။ လူတော်တော်များက သူ့ကိုရူးနေတယ်ဆိုပြီး လျစ်လျူရှုထားတတ်ကြတယ်။ တစ်ယောက်တည်း စကားပြောနေပုံက မသိရင် သူ့နံဘေးမှာ ကပ်ထိုင်နေသူ တစ်စုံတစ်ယောက်နဲ့ စကားပြောနေသလိုမျိုးပေါ့။ သူစကားပြောနေတာက သူ့နှလုံးအိမ်က နတ်မိမယ်လေးတစ်ပါးနဲ့ ဆိုတာ ကျွန်တော်လည်း နောက်မှသိလိုက်ရတယ်။ အဲဒီအချိန်ကစပြီး သူ့ကိုသိပ်သနားမိတာ အမှန်ပဲ။ ဘဝမှာ ချစ်ခြင်းမေတ္တာရဲ့ကြီးမြတ်မှုကို ကိုယ်ပိုင်ဘဝတစ်ခုလုံးချနင်းမိလောက်တဲ့အထိ စောင့်ထိန်းခဲ့သူတစ်ယောက်ပါ။
တနေ့မှာတော့ သူမျက်နှာကြည်ကြည်လင်လင် ရှိတဲ့အချိန်ကိုစောင့်ပြီး ဂစ်တာတီးပြဖို့ တောင်းဆိုခဲ့တယ်။ သူဟာ သူ့ဘဝဇာတ်ကြောင်းကိုလည်း မပြောပြတတ်။ ဂစ်တာတီးပြီး သီချင်းလေးနဲ့ ဆွေးရမှာတောင် စိတ်လက်ကုန်ခမ်းနေသူတယောက်။ ဒါပေမဲ့ ကျွန်တော့်ကို ခင်မင်လို့များလား မကြာမကြာပူဆာနေလို့များလားမသိဘူး။ ကျနော် ကမ်းပေးတဲ့ဂစ်တာကို ကောက်ကိုင်ပြီး ဘားတစ်ဘားချင်းစီမှာ ကြိုးအားလုံး အကောင်းဆုံးအသံထွက်အောင် စိတ်ကြိုက်ညှိယူလိုက်တယ်။ ပြီးတော့ သူ့လက်ချောင်းလေးနဲ့ ဂစ်တာကြိုးကိုတီးချလိုက်တယ်။
တစ်ပက် နှစ်ပက်လောက် သောက်ပီးတာနဲ့ အရူးတစ်ယောက်လို ဖြစ်သွားတတ်တဲ့သူတယောက်လေ။ ဘာလို့ သီချင်းတော်တော်များများရဲ့ chord တွေ Note တွေကို အလွတ်ရနေသလဲလို့တွေးမိတယ်။ သူဟာ တချိန်က ဂစ်တာကို စွဲစွဲလန်းလန်း တီးခဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာ သံသယဝင်ဖို့မလိုလောက်အောင်ပဲ သိပ်နားထောင်ဖို့ကောင်းတယ်။ စိုင်းထီးဆိုင်၊ ခွန်သန်းထွန်းတို့သီချင်းတွေက သူ့အသည်းစွဲလို့ဆိုတယ်။
သူ ကျွန်တော့်ကို ခွန်သန်းထွန်းရဲ့ “မေရယ်ရှိမှ မောင့်ဘဝ” ကို ဆိုပြတော့ သူ့ရင်ဘတ် ပွင့်ထွက်လာသလိုပဲ။ သူ့အသည်းနှလုံးမှာ သိပ်ချစ်ရသူတစ်ယောက် ရှိခဲ့လိမ့်မယ်ဆိုတာ ယုံကြည်သွားတယ်။ သီချင်းရဲ့ Chorus ပိုဒ် “ရေး……..ရှာရင်းလေ ဟေ…… ကြွေပြီ ကြွေပြီ မောင့်အသည်းလေ….” လို့ဆိုအော်ဆိုရင်း သူမျက်ရည်ကျသွားတာ သိလိုက်ရတယ်။
ဒါနဲ့ ကျွန်တော်အရှေ့မှာ ပြောခဲ့သလိုပါပဲ။ ကျနော်လည်းပဲ အသည်းကွဲဖူးချင်ခဲ့သူ မြီးကောင်ပေါက်စအရွယ် လူငယ်တယောက်ပီပီ။ အသည်းကွဲသူတို့ အဆွေးကို မြင်ဖူးချင်ခဲ့တယ်။ သူ့ဘဝ သူ့ဇာတ်ကို သိပ်စိတ်ဝင်စားသွားတယ်။ တနေ့တော့ သူ့နှလုံးသားဇာတ်လမ်းနဲ့ပတ်သက်ပြီး မရရအောင် မေးမယ်လို့စိတ်ကူးခဲ့တယ်။ နောက်ဆုံးတော့လည်း သူ ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ နှစ်ရှည်လများ သိမ်းဆည်းထားတဲ့ နှလုံးသားဒဏ်ရာဒဏ်ချက်တွေကို တစချင်းဆွဲထုတ်ပြခဲ့သလား ထင်ရလောက်တဲ့အထိပါပဲ။
ဒီလိုပါ။ လူဟာ ကိုယ့်ကိုကိုယ် နဲ့ ကိုယ့်ဘဝကို အချစ်ဆုံးလို့ဆိုကြသော် သူကတော့ အဲလိုလူစားမျိုးမဟုတ်ဘူး။ သူ ကော့သောင်းမြို့မှာနေတုန်း အင်မတန်ချစ်ခဲ့တဲ့ ချစ်သူတစ်ယောက်ရှိခဲ့တယ်။ သူ့ကောင်မလေး အသိုင်းအဝိုင်းက ဆွေကြီးမျိုးကြီး အုပ်စုတွေပါ။ သူ့ကိုလည်း သိပ်ချစ်ရှာပါတယ်။ အဲဒီကောင်မလေးက သူ့အစ်ကိုဖြစ်သူရဲ့ အမျိုးသမီးရဲ့ ညီမပါ။ အဲဒီအချိန်တုန်းကတော့ ပျော်ရွှင်စရာ ချစ်သူနှစ်ယောက်ရဲ့ဘဝ သိပ်ကြည်နူးဖို့ကောင်းကြတာပေါ့။ ဝတ္ထုစာအုပ်လေးတွေ အတူတူဖတ်ကြ၊ စာအုပ်တွေ လဲဖတ်ကြ၊ ပေးစရာရှိတဲ့ ချစ်သူ့အတွက်လက်ဆောင်တွေကို မိဘတွေမသိအောင် စာရွက်တွေကြားဝှက်ပြီး ပေးကြပေါ့။
တစ်နေ့ သူ့ကောင်မလေးက ထားဝယ်ကောလိပ်လာတက်တဲ့အခါ သူတို့တစ်ယောက်နဲ့တစ်ယောက် ခဏတာဝေးခဲ့ကြရတယ်။ ဒါပေမယ့် တခေါက်တလေ သူ ထားဝယ်လိုက်လာပြီး သူ့ချစ်သူနတ်မိမယ်လေးနဲ့ ချိန်းတွေ့ခဲ့တယ်။ သူ့ကိုအဆောင်ခေါ်ပြီး ထမင်းကျွေးခဲ့တာတွေ၊ နှစ်ယောက်သား ထားဝယ်မြို့အနှံ့လျှောက်လည်ခဲ့တာတွေကို သူဘယ်မေ့ပါမလဲ၊ ဘယ်လို့မေ့နိုင်မှာလဲလို့ အက်ရှရှအသံနဲ့ ပြောပြရှာတယ်။ အဲဒီအချိန်အထိတော့ သူတို့ ချစ်သူနှစ်ဦးရဲ့ဘဝက ပျော်စရာတွေ အတိပေါ့။
တနေ့မှာ သူ့ကောင်မလေးက ကျောင်းပြီးလို့ မွေးရပ်မြေပြန်လာတဲ့အခါ သူကော့သောင်းမှာရှိနေခဲ့တယ်။ သူဟာ သူ့ကောင်မလေး ကျောင်းပိတ်လို့ပြန်လာမဲ့ရက်ကို ဆွေးဆွေးမြေ့မြေ့ စောင့်နေရှာသူပါ။ ဒါပေမဲ့ သူ့ချစ်သူပြန်ရောက်ပြီး သိပ်မကြာလိုက်ပါဘူး။ သူတို့နှစ်ဦးရဲ့ အပြုံးတွေနဲ့ အိပ်မက်တွေကို လေပွေသရမ်းတွေက မညှာမတာ တိုက်စားသွားတယ်။ ကောင်မလေးမိဘတွေက သူ့နဲ့သဘောမတူခဲ့ဘူးလေ။ သူတို့သမီးကညာကို ဝင်ငွေကောင်းတဲ့ ငါးဆရာတစ်ယောက်နဲ့ လက်ဆက်ပေးဖို့ စီစဉ်လိုက်ကြတယ်။ ဒါကိုသူတို့နှစ်ယောက်ငြင်းဆန်ပြီး နှစ်ကိုယ်တူတဲအိုပျက်မှာ နေရနေရ ဆိုတဲ့စိတ်နဲ့ ထွက်ပြေးကြဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ သူတို့နှစ်ဦးရဲ့ အစီအစဥ်ကိုသိသွားတဲ့ ကောင်မလေးရဲ့အမေက သူ့သမီးကို အိမ်ပေါ်ကနေအိမ်အောက်မဆင်းခိုင်းတော့ဘဲ ထိန်းချုပ်ထားလိုက်တာပေါ့။
မနက်ဖြန် စေ့စပ်ကြောင်းလမ်းပွဲလုပ်တော့မယ်။ သူဟာ သူ့ချစ်သူအိမ်ရှေ့က လသာပြင်မှာ တစ်ညလုံးဂစ်တာတီးပြီး သီချင်းဆိုခဲ့တယ်။ အဲဒီညက လသာနေတယ်။ အိမ်အပေါ်ထပ် ပြတင်းပေါက်အတွင်းဘက်မှာလည်း ကောင်မလေးတစ်ယောက် ငိုကြွေးနေရှာတယ်။ မနက်ရောက်တော့ သူဟာ သူ့ချစ်သူကောင်မလေးကို ဆုံးရှုံးခဲ့ရပီလို့ သိလိုက်တယ်။ အဲဒီအသိက သူ့ဘဝသူ ချနင်းခြင်းအစပေါ့။
သူချစ်သူကောင်းမလေးနဲ့ ဝေးခဲ့ကြပြီးနောက် ဦးကျော်ရှိန်တယောက် လေနှင်ရာလွင့်ပါးလာခဲ့တာ ကျွန်တော်နဲ့တွေ့ပြီး သူမသေခင်အချိန်အထိပါပဲ။ ကျွန်တော် တက္ကသိုလ်ဒုတိယနှစ်တက်နေတုန်းမှာ သူဆုံးပါးသွားတယ်။ သူ့နှလုံးသားထဲက ကြီးမြတ်တဲ့ချစ်ခြင်းမေတ္တာတွေကို တပါတည်းပိုက်ပြီး ထွက်သွားရှာတယ်လို့ ဆိုရမယ်။ ဒါပေမဲ့ ရင်နှစ်သက်ချာချစ်ရသူ သူ့ရဲ့နတ်မိမယ်လေးကတော့ သူ့အသုဘကြေးစည်သံကိုတောင် မကြားလိုက်ရရှာဘူး။
မိုးစက်







