ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကျွန်မရဲ့ကာလသုံးပါး

August 31, 2026

မေ

တစ်ချိန်တုန်းက ကျောင်းမှာ အရမ်းခင်ကြတဲ့ သူငယ်ချင်း ခြောက်ယောက် ရှိခဲ့ကြတာပေါ့လေ။

ကျွန်မတို့ ကျောင်းက သူငယ်တန်းကနေ စတုတ္ထတန်းအထိပဲရှိတဲ့ မူလတန်းကျောင်းလေးဖြစ်တာပေါ့။

ကျောင်းစတက်တဲ့ရက်ဆိုရင် ကိုယ်တွေ သူငယ်ချင်းတွေအတူတူ ထိုင်ရအောင် အစောကြီးရောက်တဲ့သူက ခုံနေရာဦးပေးထားရတယ်။ ကျွန်မအပါအဝင် ခြောက်ယောက်လုံးက အတန်းထဲမှာ စာတော်တဲ့သူတွေဖြစ်ကြတာပေါ့လေ။ ကျွန်မတို့တွေ ပြောခဲ့ကြတဲ့ စကားလေးတစ်ခွန်းရှိတယ် အဲဒါက သူငယ်ချင်း ခြောက်ယောက်အမြဲ အတူရှိမယ်ဆိုပြီး ပြောခဲ့ကြတယ်။ ဘော်ဒါတက်ရင်တောင် အတူတူ တက်ကြဖို့တောင် တိုင်ပင်ခဲ့ကြသေးတယ်။ အဲဒါတွေက ၂၀၂၀ မရောက်ခင်အထိပါပဲ။

အခုဆိုရင် ကျွန်မတို့တွေ လမ်းချင်းမတူတော့ပါဘူး။ ခြောက်ယောက်အမြဲအတူရှိမယ်လို့ ပြောခဲ့ကြတဲ့ သူငယ်ချင်းတွေက ကတိမတည်ကြပါဘူး။ သူတို့ကတိမတည်တာ ၂၀၂၀ ရောက်မှ သိခဲ့ရတာပေါ့လေ။ သုံးယောက်က အစိုးရကျောင်းကို တက်နေပြီး နောက် တစ်ယောက်ကတော့ နိုင်ငံခြားမှာ ဒုက္ခသည်အနေနဲ့ ခိုလှုံသွားတယ်။ ကျွန်မနဲ့ ကျန်တစ်ယောက်ကတော့ CDM လုပ်ပြီး စကစကိုတော်လှန်ရင်း အွန်လိုင်းကျောင်းမှာ တက်ရောက်နေပါတယ်။

ကျွန်မတို့ကတိအတူ ပေးခဲ့ကြတဲ့ အစိုးရကျောင်းတက်နေတဲ့ သူငယ်ချင်းတွေဆိုရင် လမ်းမှာအတူတူ မျက်နှာချင်းဆိုင်တွေ့တာတောင် မျက်နှာလွှဲလိုက်ပြီး မသိချင်ယောင်ဆောင်တဲ့ သူစိမ်းတွေလို ဖြစ်သွားကုန်ကြပါပြီ။ ဘာလို့လဲ ကျွန်မက သူတို့ရွေးတဲ့လမ်းကို မလိုက်လို့ သူတို့စိတ်ဆိုးတာလား မပြောတတ်ပါဘူးလေ။ သူတို့ရွေးတဲ့လမ်းကို မလိုက်လို့ စိတ်ဆိုးမယ်ဆိုရင် ဒါဟာ တစ်သက်လုံးအတွက် စိတ်ဆိုးတာဖြစ်ပါလိမ့်မယ်။

ငယ်ငယ်ကတက်ခဲ့တဲ့ ကျောင်းနဲ့ ကျောင်းသားဘဝကိုလည်း သတိရမိပါတယ်။ စတုတ္ထတန်းနှစ်က ကျောင်းကို မူးယစ်‌ဆေးဝါးတိုက်ဖျက်ရေးအကြောင်းလာပြောတဲ့ ရဲအရာရှိတစ်ယောက်က ကျွန်မတို့အတန်းထဲဝင်လာပြီး တစ်တန်းလုံးထဲမှာ ကျွန်မကို ကြီးလာရင် ဘာဖြစ်ချင်လဲ မေးခဲ့ဖူးတယ်။ ကျွန်မကလည်း အင်ဂျင်နီယာဖြစ်ချင်တယ် လို့ဖြေခဲ့တာကြောင့်ရယ်၊ ရဲဝတ်စုံနဲ့ ကြည့်လို့ကောင်းတဲ့ရဲမေတွေမြင်ခဲ့တာရယ်ကြောင့် မှတ်မှတ်ရရဖြစ်ခဲ့တာပေါ့လေ။

ငယ်ငယ်တုန်းကဆိုရင် ရဲဝတ်စုံဝတ်ထားတဲ့သူတွေမြင်ရင် ခန့်ညားတည်ကြည်တဲ့ပုံပေါက်တော့ ရဲဖြစ်ချင်တဲ့ စိတ်ကူးလည်း ရှိခဲ့တယ်။ အဲဒါကတော့ ငယ်ငယ်ကဖြစ်ချင်တာပေါ့လေ အခုလဲဖြစ်ခွင့်ရှိရင် ဖြစ်ချင်ပါသေးတယ်။ ကျောင်းတုန်းကအတန်းဖော် သူငယ်ချင်းတွေလည်း အခုလတ်တလောမှာ ကြားနေရတာတွေက အိမ်ထောင်ကျသွား ကြပြီဆိုတဲ့ အသံတွေပါပဲ။ ဒီလိုအသံတွေကြားရင် ကျွန်မတို့ ငယ်ငယ်က အိပ်တာ စားတာ ဆော့တာ စာသင်တာပဲ သိတဲ့ ကလေးဘဝကို ပြန်မြင်ယောင် မိပါတယ်။

ကလေးဘဝရဲ့ အရသာအပြည့်အဝကို ခံစားရတဲ့ မျိုးဆက်က ကျွန်မတို့မျိုးဆက် နောက်ဆုံးဖြစ်မယ်လို့ထင်ပါတယ်။ အခုနောင်မျိုးဆက် ကလေးတွေကိုမြင်ရတာ ကျွန်မတို့ကလေးဘဝနဲ့ လုံးဝ မတူတော့ပါဘူး။ ကျွန်မက နောင်ကလေးတွေကို ကလေးဘဝရဲ့ ပျော်ရွှင်မှုတွေအပြည့်အဝရရှိတဲ့ ကလေးတွေအဖြစ် မြင်ချင်ပါသေးတယ်။

ကျွန်မတို့ ငယ်ငယ်ကဆို နွေရာသီ ကျောင်းပိတ်ပြီဆိုရင် ရွာကို အလည်သွားတာကိုလည်း သတိရမိပါတယ်။ အလည်သွားပြီဆိုရင် ရက်ကြာကြာမနေချင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုပြန်တွေးပြီး ရွာမှာ အကြာကြီးနေချင်ပါတယ်။ တိတ်ဆိတ်နေတဲ့ ရွာလေးမှာ ငယ်ငယ်ကဆိုရင် ရွာက အဖော်တွေနဲ့အတူ နောက်ဖေး ကုက္ကိုလ်ပင်အောက်က ကွပ်ပျစ်မှာ ဇီးသီးတွေ စားခဲ့ကြတာတွေကို ပြန်တွေးရင် ငယ်ဘဝလေးကို ပြန်သွားချင်မိပါတယ်။ ကောက်ရိုးပုံပေါ်တက်ပြီး ခုန်လိုက် ကောက်ရိုးပုံထဲ ဝင်ပုန်းလိုက်နဲ့ ပြေးလွှားဆော့ကစားနေတဲ့ ပျော်ရွှင်စရာ အချိန်တွေကို ပြန်လိုချင်ရင်တောင် မရတော့ပါဘူးလေ။

ကျွန်မငယ်ငယ်က ပိုပျော်စရာကောင်းမယ်အထင်နဲ့ အသက်မြန်မြန်ကြီးပြီး လူကြီးဖြစ်တာကို လိုချင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ အပူအပင်ကင်းတဲ့ ကလေးဘဝကိုသာ ပြန်လည် တောင်းတမိပါတယ်။ အသက်ကြီးပြီး လူကြီးဖြစ်လာတာက ထင်သလောက်ပျော်စရာ မကောင်းပါဘူး။

မနက်ဖြန်ဘာဖြစ်မလဲ သန်ဘက်ခါ ဘာဖြစ်မလဲ ဆိုတာကို တွေးပူနေရတာတွေ အနာဂါတ်ကိုလဲ ကြိုတွေးနေရတာတွေ ပြဿနာ အမျိုးမျိုး ကြုံရတာတွေကို ဖြတ်သန်းနေရတာတွေကြီးပါပဲ။ ပျော်စရာဆိုတာ ရှိပေမဲ့ ကိုယ်ကိုယ်တိုင် ရှာဖွေမှသာ တွေ့နိုင်မဲ့ အရာဖြစ်နေတယ်။ လူတွေရဲ့ အကြောင်းတွေကို သိလာပြီးနောက် တစ်ယောက်တည်း အေးအေးဆေးဆေး တိတ်ဆိတ်ငြိမ်းချမ်းတဲ့နေရာမှာပဲ နေချင်တော့တယ်။

အသက်ကြီးလာလေလေ လောကကြီးမှာ သင်ယူစရာတွေလဲ များလာလေလေပါပဲ။ ကျွန်မ အခုချိန်မှာ အတိတ်ကာလကို ပြန်မသွားနိုင်တော့ပေမဲ့ အခု ပစ္စုပ္ပန် မှာ သင်ယူစရာတွေ သင်ယူပြီး ဖြတ်သန်းရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေပြီး အေးချမ်းတဲ့ရပ်ဝန်းမှာပဲ နေထိုင်သွားချင်ပါတော့တယ်။ ငယ်ငယ်က ဖြစ်ချင်တဲ့ အင်ဂျင်နီယာ မဖြစ်နိုင်တော့ပေမဲ့လည်း ကိုယ်နဲ့ ကိုယ့်မိသားစုအဆင်ပြေမဲ့ အလုပ်တစ်ခုခုကိုသာ လုပ်ချင်ပါတော့တယ်။

မရေရာ မသေချာတဲ့ အိမ်မက်တွေကို စိတ်ကူးနဲ့ ရူးချင်ပေမဲ့ လက်တွေ့နဲ့ကတခြားစီဖြစ်နေတယ်။ ပြီးတော့ ကိုယ်ကလည်း ဒီနိုင်ငံကဘွဲ့ကို မယူနိုင်ရင်တောင် နိုင်ငံခြားမှာ ဘွဲ့တစ်ခုခုရအောင်ယူချင်တယ်။ ဒါပေမဲ့လည်း အခုချိန်မှာ ငွေနောက်လိုက်ရမလား ပညာရေးနောက်လိုက်ရမလား သေချာ ဝေခွဲမရဘူး ဖြစ်နေတယ်။ ပညာရေးနောက်လိုက်ဖို့ကိုလည်း ငွေလမ်းခင်းမှရမှာကိုး ဘွဲ့ရချင်တဲ့ အိမ်မက်ကတော့ မဖြစ်နိုင်ပါဘူး ထင်ပါရဲ့လေ။ အနာဂတ်ကို ကြိုးစားရှေ့ဆက်ဖြတ်သန်းသွားပါဦးမယ်။
လွမ်းဆွတ်မှုများဖြင့်

မေ

(စာရေးသူသည် Grade 12 ကျောင်းသူ တစ်ဦးဖြစ်သည်)