ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီမြစ်‌ရေ ဆက်တိုးလာပြီး ကျေးရွာအချို့ ရေကြီးနစ်မြုပ်၊ ကျေးရွာ ၂၀ကျော်က လူထောင်ချီပြောင်းရွှေ့

August 30, 2026

တနင်္သာရီမြို့မြစ် အန္တရာယ် ရေအမှတ်ကို ကျော်လွန်နေသလို ဆက်လက်တိုးနေသဖြင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေပြီး လူဦးရေထောင်နှင့်ချီ ပြောင်းရွှေ့နေရကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂၉ရက် နံနက်ပိုင်းမှစတင်ကာ တနင်္သာရီမြို့ပေါ်နှင့် ကျေးရွာအချို့ရှိ နေအိမ်များ ရေနစ်မြုပ်နေပြီး ယနေ့ ဩဂုတ်လ ၃၀ ရက်လည်း ရေထပ်တိုးနေကြောင်း ၎င်းတို့က ဆိုသည်။

ဩဂုတ်လ ၂၉ ရက်တွင် ရေဘေးလွတ်ရာ ပြောင်းရွှေ့ကြသူများလာပြီး လမ်းများတွင်လည်း ဆိုင်ကယ်ဖြင့် သွားလာ၍ မရတော့ဘဲ လှေအသုံးပြု သွားလာနေရကြောင်း ပဝရွာဒေသခံတစ်ဦးက ပြောဆိုသည်။

“တချို့အိမ်တွေက အိမ်ခေါင်မိုးပဲ ပေါ်တော့တယ်။ ရေက ဆက်တိုးနေတယ်။ နှစ်ထပ်အိမ်တွေဆိုလည်း ခြေတံ နိမ့်တဲ့အိမ်တွေ ရေစမြုပ်နေပြီ။ ပြောင်းရွှေ့တဲ့သူတွေက ပိုများလာတယ်” ဟု ၎င်းက ပြောသည်။

တနင်္သာရီမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ပဝ၊ မော်တုန်း၊ သကျက်၊ ညောင်ပင်ကွင်း၊ တကူ၊ ဆင်ခြေဖုံးကျေးရွာအုပ်စုတို့ရှိ ကျေးရွာ ၂၀ကျော်က ဒေသခံများသည် ကုန်းမြင့်ပိုင်းရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို ပြောင်းရွှေ့နေရကြောင်း ဒေသခံများက ဆိုသည်။

အထက်ပါကျေးရွာ ၂၀ကျော်တွင် အချို့လမ်းပိုင်းများသည် ရေနစ်မြုပ်မှုကြောင့် အသုံးပြု၍ မရတော့ကြောင်း ခရီးသွားများထံမှ သိရသည်။

တနင်္သာရီ-မြိတ်လမ်းပိုင်းရှိ အော်ကြီးရွာနှင့် လယ်တောင်ယာရွာတွင် ကားလမ်းရေကျော်နေကြောင်း ၎င်းတို့က ပြောဆိုသည်။

လက်ရှိတွင် မိုးက ဆက်လက်ရွာနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။