တနင်္သာရီမြို့နယ်၊ ဇဝဲ-တကူလမ်းပိုင်းရှိ ရေခမ်းချောင်းကျေးရွာကို စစ်အာဏာရှင်တပ် စစ်ကြောင်းရောက်ရှိလာပြီးနောက် ဇဝဲရွာ လမ်းဆုံမှ ရေခမ်းချောင်းအထိကို စစ်အာဏာရှင်တပ်ဖွဲ့ ဖြတ်သန်း သွားလာခွင့်ပိတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။
မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စုမှ တောလမ်းအတိုင်းစစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ယနေ့ သြဂုတ်လ ၂၈ ရက်နံနက် ၉နာရီတွင် ရေခမ်းချောင်းရွာသို့ ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ထိုနောက် စစ်အာဏာရှင်တပ်သားများသည် လမ်းပိုင်းဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်လိုက်ကြောင်း ၎င်းက ပြောဆိုသည်။
“ဇဝဲကနေလည်း တက်ပြီး ဖာနီတံတားမှာ လမ်းပိတ်ထားတယ်။ ရေခမ်းချောင်းမှာလည်း ပိတ်ထားတယ်။ ပေးမဖြတ်တော့ဘူး ပိတ်ချလိုက်ပြီ” ဟု အထက်ပါ ဒေသခံက ပြောသည်။
ဇဝဲနှင့် ရေခမ်းချောင်းရွာတို့ ကြားတွင် ဖာနီရွာ၊ လေးမိုင်ရွာနှင့် ဒူးကြိုးရွာများ တည်ရှိသည်။ ဇဝဲရွာသည် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းတွင်တည်ရှိပြီး တကူရွာမှာ ပြည်ထောင်စုလမ်းပေါ်ရှိ ဇဝဲ လမ်းဆုံမှတစ်ဆင့် ဝင်ရခြင်းဖြစ်သည်။ ဇဝဲလမ်းဆုံမှ တကူသို့ ဦးတည်သွားလျှင် ဖာနီရွာ၊ လေးမိုင်ရွာနှင့် ဒူးကြိုးရွာနှင့် ရေခမ်းချောင်းရွာတို့ အစဉ်အတိုင်း တည်ရှိသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်း ရေခမ်းချောင်းရွာသို့ ဝင်ရောက်လာသဖြင့် ဇဝဲနှင့် ရေခမ်းချောင်းရွာကြားရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရပြီး အချို့မှာပိတ်မိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ရုတ်တရက် စစ်ကြောင်းရောက်လာသံကြားတော့ ရွာကနေ ထွက်ပြေးကြတယ်။ ပိတ်မိသူကလည်း ပိတ်မိနေတယ်” ဟု ၎င်းက ပြောဆိုသည်။
ဇဝဲလမ်းဆုံတွင် စစ်အာဏာရှင်စစ်ဆေးရေးဂိတ်ရှိပြီး ခရီးသွားပြည်သူများကို မကြာခဏ စစ်ဆေးတင်းကျပ်လေ့ရှိသည်။







